လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍ၏ ကာလလတ် လုပ်ငန်းအစီအစဉ်လျာထားသတ်မှတ်သည့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
စက်တင်ဘာ ၆၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနအနေဖြင့် အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို ဦးဆောင်အကောင်အထည်ဖော်နေသည့် ဝန်ကြီးဌာနဖြစ်သည်နှင့်အညီ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်မှ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်တာ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကာလလတ်လုပ်ငန်းအစီအစဉ် လျာထားသတ်မှတ်သည့် အလုပ်ရုံဆွေးနွေးပွဲအား နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်တက်ရောက်ခဲ့ပြီး ကာလလတ်လုပ်ငန်းအစီအစဉ်သည် လာမည့်(၅)နှစ်တာကာလအတွင်း ဆက်စပ်ဝန်ကြီးဌာနများက အကောင်အထည်ဖော်ဆောင်ရွက် ရမည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်ဖြစ်ပါကြောင်း၊ အစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တည်ဆောက်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း၊ ရန်ပုံငွေ ရရှိရေးဆောင်ရွက်ခြင်းနှင့် စောင့်ကြည့်ကြီးကြပ်ခြင်းကိစ္စရပ်များသည် အရေးကြီးပါကြောင်း ထည့်သွင်းဆွေးနွေးပြောကြားသွားခဲ့ပါသည်။
ထို့နောက် ယူနီဆက်(မြန်မာ) ဌာနေကိုယ်စားလှယ် Ms. June Kunugi က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး နည်းပညာဆိုင်ရာ အကြံပေးဖြစ်သူ Mr. Micheal Samson က ကာလလတ်အစီအစဉ်ပါ အကြောင်းအရာများအား တင်ပြဆွေးနွေးခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဦးဆောင်ဆွေးနွေးခဲ့ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍ၏ စရိတ်တွက်ချက်ထားသော ကာလလတ် လုပ်ငန်းအစီအစဉ်အား လျာထားသတ်မှတ်ခဲ့ပြီး တက်ရောက်လာကြသူများက အထွထွေ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။