ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကချင်ပြည်နယ်မိုးကောင်းနှင့်ဝိုင်းမော်မြို့နယ်များတွင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်
စက်တင်ဘာ ၁၆၊ မြစ်ကြီးနား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် မိုးကောင်း၊ ဖားကန့်၊ တနိုင်း၊ မိုးညှင်းမြို့နယ်များရှိ မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့်မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို မိုးကောင်းမြို့ရှိ မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရကတည်ဆောက်လျက်ရှိသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်ရာတွင် တိုင်းရင်းသားများ အပါအဝင် ပြည်သူအားလုံးအတွက် တရားသောဥပဒေများကို လက်တွေ့ကျင့်သုံးနိုင်မှုနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေးကို အဟန့်အတားဖြစ်စေမှုများကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပဋိသန္ဓေတည်သည်မှစ၍ သက်ကြီးရွယ်အိုအထိ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် လူမှုကာကွယ်စောင့်ရောက်ရေးနည်းလမ်းများကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိပါကြောင်း၊ ထိုသို့အကောင်အထည် ဖေါ်ရာတွင် မသန်စွမ်းများကို ချန်လှပ်မထားဘဲ ၎င်းတို့၏ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အတွက် မသန်စွမ်းများ၏ အခွင့်အရေးကို အပြည့်အဝဖော်ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယနေ့တွင် မသန်စွမ်းများအတွက် မသန်သော်လည်း ပိုမိုစွမ်းဆောင်နိုင်ရန် အထောက်အပံ့ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ရာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့ အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်း၍ အလေးထားဆောင်ရွက်နေပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ(၄၅)ဦး အတွက်ထောက်ပံ့ငွေကျပ် သိန်း(၉၀)၊ အမျိုးသမီးဦးဆောင်မိသားစုများနှင့် မသန်စွမ်းသူများအတွက် ထောက်ပံံငွေကျပ် (၂၇၆.၆)သိန်း စုစုပေါင်းငွေကျပ် (၃၆၆.၆)သိန်းကို ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး မသန်စွမ်းသူများကိုယ်စား မိုးကောင်းမြို့နေ ဦးဝါကွန်လ က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ မိုင်းနန်း ဘက်စုံဖွံ့ဖြိုးရေးစခန်းသို့ရောက်ရှိကြပြီး တိုက်ပွဲရှောင်ပြည်သူများ၊ ဝိုင်းမော်မြို့နယ်ရှိ IDP စခန်း တာဝန်ခံများနှင့် တွေ့ဆုံပြီး စခန်းနေ တိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ရရှိမှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ သင်ကြားဖွင့်လှစ်နိုင်မှုအခြေအနေနှင့် ပြန်လည် နေရာချ ထားရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ပြီး၊ စခန်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့်သို့ တက်ရောက်နေသော ကျောင်းသား/ကျောင်းသူ (၈၆၅)ဦးအတွက် ပညာသင်ထောက်ပံ့ကြေး ငွေကျပ် (၆,၅၆၆,၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။