ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးလာရောက်တွေ့ဆုံ
နေပြည်တော်၊ စက်တင်ဘာ ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံ ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် အိမ်ယာများ ဆောက်လုပ်ရေးကိစ္စနှင့် ပတ်သက်သည့်အခြေအနေများ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများ ပိတ်သိမ်းရေးနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ ဒုက္ခသည်များအား ပြန်လည်နေရာချထားရာတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်း အဆင်ပြေစေရေး ဆောင်ရွက်နေမှုများ၊ ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၊ ဒုက္ခသည်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်နယ်အစိုးရတို့နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး နှင့်ပတ်သက်၍ UNHCR နှင့် ပူးပေါင်း၍ ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။