ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ခြင်းနှင့် ပြည်နယ်လွှတ်တော်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ဆွေးနွေး

 

စက်တင်ဘာ ၂၁၊ စစ်တွေ

          ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင်ကျင်းပသော မသန်စွမ်းသူများအား ထောက်ပံ့ခြင်း အခမ်းအနားသို့တက်ရောက်ခြင်းနှင့် မောင်တောမြို့နယ်တွင် တိုင်းရင်းသားများအတွက် နေအိမ်များ ဆောက်လုပ်ရန် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ ကြပါသည်။

          မသန်စွမ်းသူများအားထောက်ပံ့ခြင်းအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မိမိတို့ အစိုးရ တာဝန်များ စတင်ထမ်းဆောင်ချိန်မှစ၍ တရားဥပဒေစိုးမိုးရေနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ဒေသခံတိုင်းရင်းသားများအပါအဝင် ပြည်သူများအားလုံး လိုလားသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာစေရေးကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းများ ကိုယ်တိုင်ပါဝင်ရေးဆွဲထားသော ဥပဒေ၊ နည်းဥပဒေများ ပေါ်ပေါက်လာပြီဖြစ်၍ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာအမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီတို့ကိုလည်း တိုင်းဒေသကြီး၊ ပြည်နယ်များအဆင့်ဆင့်အထိ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ မသန်သော်လည်း စွမ်းသူများ ဖြစ်အောင်ပံ့ပိုးကူညီရမည် ဖြစ်ကြောင်း၊ ယခုအခါ အစိုးရအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်း၍ မသန်စွမ်းသူများစာရင်း ကောက်ယူလျက်ရှိပြီး မသန်စွမ်းသူများ အဆင့် သက်မှတ်ခြင်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ယခုထက်ပို၍ စနစ်တကျပိုမို ထောက်ပံ့လာ နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပဋိသန္ဓေတည်သည်မှစ၍ သက်ကြီးရွယ်အိုအထိ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် လူမှုကာကွယ်စောင့်ရောက်ရေးနည်းလမ်းများကို အကောင်အထည်ဖော်ရာတွင် ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက် လာကြသော မသန်စွမ်းသူများအားထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ပါသည်။ ယနေ့အခမ်းအနားတွင် ရခိုင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူ (၉,၄၂၁)ဦးအတွက် ထောက်ပံ့ ငွေကျပ် ( ၂၈၂,၆၃၀,၀၀၀) ကို ပေးအပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက လက်ခံရယူပြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်း ကြိုကျောင်းတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို ပြည်သူများအသိအမှတ်ပြုခံရအောင် စွမ်းဆောင်ကြိုးပမ်းခဲ့သော ဝန်ထမ်းများအားဂုဏ်ပြုခြင်းနှင့် ဆက်လက်၍တာဝန်များ ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း မှာကြားခြင်းများပါဝင်သော ဂုဏ်ပြုမှာတမ်းလွှာများကို ပေးအပ်ခဲ့ ပါသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဏိရတနာဘုန်းတော်ကြီးကျောင်း၊ ဆရာတော်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုပြီး၊ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းလျှောက်ထားကာ သင်္ကန်းနှင့်အလှူငွေများ ဆပ်ကပ်ခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေး ခန်းမတွင်ကျင်းပပြုလုပ်သော ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှုအခြေအနေများအား ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ က အဖွင့်အမှာစကားပြောကြားရာ ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်တို့ ပူးပေါင်းဆောင်ရွက်မှသာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်းပြောကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်သည် ပြည်နယ်နှင့်တိုင်းဒေသကြီး များတွင် ဒုတိယဖွံ့ဖြိုးမှုအနောက်ကျဆုံးပြည်နယ်ဖြစ်သဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် တစ်ပြည်လုံးဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ မိမိအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အကောင်အထည် ဖော်ရေးဗဟိုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီ(၄)ခုရှိသည့်အနက် ဒေသတွင်းပြန်လည် နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ အဖြစ် ဆောင်ရွက်လျက်ရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားပြီးကဏ္ဍအလိုက်ဖွံ့ဖြိုး တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

         ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များနှင့်လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပသော ဘေးအန္တရာယ်ဆိုင်ရာအသိပညာမြှင့်တင်ရေးစင်တာနှင့် အခမဲ့ပညာသင်ကျောင်းဆောက်လုပ်ရန် နှင့်မောင်တောမြို့နယ်တွင် တိုင်းရင်းသားများအတွက် နေအိမ်ဆောက်လုပ်ရန်အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးနှင့် လူကြောင့်ဖြစ်သော ဘေးများကိုလည်း စီမံဆောင်ရွက်နေပါကြောင်း၊ ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် National Strategic Planကို ရေးဆွဲနေကြောင်း ပြောကြားကာ IDP စခန်းများ ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် ပြန်လည်နေရာချထားရေးကိစ္စများကိုဆွေးနွေးခဲ့ပြီး လိုအပ်သော အကြံဉာဏ် များပေးနိုင်ကြရန်လည်း တိုက်တွန်းပါကြောင်း ပြောကြားဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာမြှင့်တင်ရေးစင်တာနှင့် အခမဲ့ပညာသင်ကျောင်း ဆောက်လုပ်ရန်အတွက် အလှူငွေကျပ် သိန်း(၁)ထောင်၊ မောင်တောမြို့နယ်တွင် တိုင်းရင်းသားများအတွက် နေအိမ်များဆောက်လုပ်ရန် အတွက် အလှူငွေကျပ် သိန်း(၃၂၅၀) အားပေးအပ်ခြင်းနှင့် မြန်မာနိုင်ငံအစ္စရေးသံအမတ်က UEHRD နှင့် CITF တို့ကလှူဒါန်းသော ရေသန့်စက်(၄)လုံးကို လွှဲပြောင်းလှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက လက်ခံရယူပြီး၊ ပြည်နယ်လူမှုရေးဝန်ကြီးက ကျေးဇူတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter