အာဆီယံသဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ (၉)ကြိမ်မြောက် အစည်းအဝေးကျင်းပပြုလုပ်

မန္တလေး၊ စက်တင်ဘာ ၂၈

          အာဆီယံသဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ (၉)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့တွင် မန္တလေးမြို့၊ ရွှေပြည်သာဟိုတယ်တွင် ကျင်းပ ပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

          အစည်းအဝေး၌ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံဒေသသည် သဘာဝဘေးအန္တရာယ်မျိုးစုံကိုကြုံတွေ့ခံစားနေရပြီး တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားလျက်ရှိသည့် သဘာဝ ဘေးအန္တရာယ်များကြောင့် လူသေဆုံးမှု၏ (၅၀%)ကို အာဆီယံဒေသတွင်း၌ တွေ့ကြုံနေရပါကြောင်း၊ ထို့အပြင် သဘာဝဘေးအန္တရာယ်များကြောင့် ဒေသတွင်းစီးပွားရေးဆုံးရှုံးမှုမှာ နှစ်စဉ် အမေရိကန် ဒေါ်လာ(၄.၄)ဘီလီယံခန့်ရှိပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နိုင်ငံ၏ စီးပွားရေးနှင့်နှိုင်းယှဉ်ပါက ဘေးအန္တရာယ်များ၏ ထိခိုက် ဆုံးရှုံးမှုမှာ များပြားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည့် ပြန်လည် ထူထောင်ရေးလုပ်ငန်းအဖွဲ့တွင် အခြားသောအဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းပါဝင်မှုဖြင့် အာဆီယံ ဒေသတွင်းပြန်လည်ထူထောင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည့် လမ်းညွှန်ချက်များ၊ Tools များ ဖော်ထုတ်ခြင်း၊ ပြန်လည်ထူထောင်ရေးကဏ္ဍအတွက် လိုအပ်သည့်စွမ်းဆောင်ရည်များ မြှင်တင်ပေး ခြင်း၊ ဒေသတွင်းနိုင်ငံများ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် သင်ခန်းစာများကို ဖလှယ်ရယူခြင်း၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများနှင့် နည်းပညာပံ့ပိုးမှုများဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်များသည် ပုံစံအမျိုးမျိုး နှင့် တစ်ချိန်တည်းတွင် ဖြစ်ပွားလျက်ရှိပါကြောင်း၊ မိုးများခြင်းကြောင့် ရေလွှမ်းမိုးမှုအပြင် အခြား နောက်ဆက်တွဲဘေးအန္တရာယ်များဖြစ်သည့် မြေပြိုခြင်း၊ ရေကာတာများကျိုးပျက်ခြင်း၊ လျှပ်တပျက် ရေကြီးခြင်း အစရှိသည်တို့ကိုပါ ဖြစ်ပွားစေနိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ရာသီဥတု ပြောင်းလဲမှုကို ယခုနှစ်အတွင်း ပိုမိုသိသာစွာခံစားရပါကြောင်း၊ တိုင်းဒေသကြီး(၂)ခုနှင့် ပြည်နယ်(၂)ခု တွင်ဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့ပါကြောင်း၊ အဆိုပါပြည်နယ်တိုင်း ဒေသကြီး(၄)ခုအနက် မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့သည် ယခင်က ဘေးအန္တရာယ် ဖြစ်ပွားမှု နည်းပါးခဲ့ ရပါကြောင်း၊ ယခုနှစ်ကြုံတွေ့ရသည့်ရေကြီးရေလျှံမှုဖြစ်စဉ်များသည် အဆိုပါ ဒေသများအတွက် ရာသီဥတု ပြောင်းလဲမှု၏ သတိပေးမှုပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဘေးသင့်ဒေသများ အတွက် လိုအပ်သည့် အရေးပေါ်တုံ့ပြန်ရေးလုပ် ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးနေသကဲ့သို့ ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးအတွက်လည်း အမျိုးသား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် အနာဂတ်ဘေးအန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိရေးကို ရှေ့ရှုလုပ်ဆောင်ရမည့် ဖြစ်သည့်အတွက် ဆောက်လုပ်မှုစံချိန်စံနှုန်းများ၊ အရည်အသွေးပြည့်ဝသည့် ဆောက်လုပ်ရေး ပစ္စည်းများနှင့် နည်းပညာများသည်လွန်စွာ အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်နိုင်ငံအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများသာမက ဒေသတွင်း ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ရန် ရှိသည့် ကတိကဝတ်များကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော်ရန် အသင့်ရှိပါကြောင်းပြောကြား ခဲ့ပါသည်။

          ဖွင့်ပွဲအခမ်းအနားပြီးနောက် လုပ်ငန်းအဖွဲ့အစည်းအဝေးကို ပူးတွဲဥက္ကဌများဖြစ်သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် အင်ဒိုနီးရှား နိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန ကိုယ်စားလှယ်တို့မှ ဦးဆောင်၍ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၉ခုနှစ်အတွက်ဆောင်ရွက်မည့်ဦးစားပေးလုပ်ငန်းများကိုအတည်ပြုခဲ့ပါသည်။

          အဆိုပါလုပ်ငန်းအဖွဲ့တွင် ပူးတွဲဥက္ကဌများဖြစ်သည့် မြန်မာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့အပြင် ဘရူနိုင်းဒါရူဆလင်နိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ပါဝင်ပြီး အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre၊ UNDPနှင့် ADBတို့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter