ပြည်ထောင်စုဝန်ကြီး (၆၉)ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM)သို့တက်ရောက်မိန့်ခွန်းပြောကြားခြင်း
နေပြည်တော်၊ ၂.၁၀.၂၀၁၈
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် (၁-၁၀-၂၀၁၈) ရက်မှ (၅-၁၀-၂၀၁၈) ရက်အထိ ကျင်းပနေသည့် (၆၉)ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) သို့ တက်ရောက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ UEHRD ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် (၁-၁-၂၀၁၈) ရက်နေ့၊ ဒေသ စံတော်ချိန်၊ (၁၀၀၀) နာရီတွင် ကုလသမဂ္ဂ အဆောက်အအုံ၊ Assembly Hall ၌ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ အဖွဲ့ရုံးယာယီတာဝန်ခံ ဦးအောင်မျိုးမြင့်နှင့် တာဝန်ရှိသူများလည်းလိုက်ပါ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ဒေသစံတော်ချိန် (၁၃:၀၀ ) နာရီတွင် မြန်မာနိုင်ငံကိုယ်စားပြု မိန့်ခွန်းပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးရာ၌ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များ အရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမည့်အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်သို့ ရွှေ့ပြောင်း သွားပြီး မြန်မာနိုင်ငံမှ ပြန်လည်လက်ခံရေး ဆောင်ရွက်လျက်ရှိသည့် ဒုက္ခသည်များနှင့်စပ်လျဉ်းသည့်ကိစ္စအား ရှင်းလင်းပြောကြားလိုကြောင်း၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် ARSA အကြမ်းဖက်အဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းများအား တိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်းတွင် ရခိုင်ပြည်နယ်ရှိ မူဆလင်ဘာသာဝင်များ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တိမ်းရှောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် လတ်တလောအရေးကို ဖြေရှင်းနေရ သည့်နည်းတူ၊ ဖြစ်ပွားရသည့် အကြောင်းရင်းများအား ဖြေရှင်းနိုင်ရန် ဒေါက်တာကိုဖီအာနန် အကြံပေး ကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအားလည်း ဆွေးနွေးလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံတွင်နေထိုင်ခဲ့သူများကို ပြန်လည်လက်ခံရန် အသင့်ရှိမှုအားထပ်လောင်း အတည်ပြုလိုကြောင်း၊ ပြောင်းရွှေ့မှုများ ဖြစ်ပေါ်ပြီး (၃)လအတွင်းမှာပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရွှေ့ပြောင်းသူများ ပြန်လည်လက်ခံရေးနှစ်နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့သည့်နည်းတူ ယင်းသဘောတူညီပါ အချက်အလက်များအားလည်း အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ လတ်တလော ရွှေ့ပြောင်းမှုဖြစ်စဉ်သည် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဖြစ်စဉ်ဖြစ်သဖြင့် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုသည် အလွန်အရေးပါကြောင်းကို ထပ်ဆောင်း တင်ပြလိုပါကြောင်း၊ အခက်အခဲ တစ်စုံတစ်ရာရှိပါကလည်း နှစ်နိုင်ငံညှိနှိုင်းဖြေရှင်းရေးသည် အသင့်လျော်ဆုံး ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများဖြင့် ပူးပေါင်းဆောင်ရွက်မှုအား အလေးထား သကဲ့သို့ အခက်အခဲများ ညှိနှိုင်းရန်ကိုလည်း ဆွေးနွေးဖြေရှင်းလျက်ရှိပါကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့်အခြေအနေ ဖန်တီး ရန် လိုအပ်မှုများကိုလည်း မိမိတို့အလေးထား ပါကြောင်း၊ ထို့အတွက် UNDP-UNHCR တို့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်နေပါကြောင်း၊ နည်းပညာလုပ်ငန်းအဖွဲ့ဝင် များအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ပထမအဆင့် ရွေးချယ်ထားသည့် ကျေးရွာများသို့ ကွင်းဆင်းဆန်းစစ်မှု ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် UNDP-UNHCR တို့၏ ဆောင်ရွက်မှုသည် ပြန်လည်လက်ခံရေး တစ်ခုတည်းမဟုတ်ဘဲ၊ ရခိုင်ပြည်နယ်အတွင်းတည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက်ပါ အကြံပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများရှိမည်ဟု မျှော်လင့် ကြောင်းပြောကြားပါသည်။
ဆက်လက်၍ မိမိတို့လက်ရှိအစိုးရသည် ခေတ်သစ်မြန်မာနိုင်ငံသမိုင်းတွင် ရခိုင် ပြဿနာ၏ အရင်းခံ အကြောင်းအရာများအား ကြိုးစားဖြေရှင်းနေသည့် အစိုးရအဖွဲ့ ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့သစ် တာဝန်ယူစ ၂၀၁၆ ခုနှစ်ကပင် ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် အကြံပေးကော်မရှင်ဖွဲ့စည်းပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုနှင့် တည်ငြိမ်အေးချမ်းမှု ရရှိမည့် နည်းလမ်းများ အကြံပြုပေးနိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ရာတွင် အကြံပြုအဖွဲ့၏ အစီရင်ခံစာထွက်သည့်နေ့တွင်ပင် ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပေါ် လာသဖြင့် မိမိတို့၏ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများနှောင့်နှေးခဲ့ရပြီး လူသားချင်းစာနာမှု အကူအညီပေးခြင်းအား အာရုံစိုက်ခဲ့ရပါကြောင်း၊ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီကို ၂၀၁၇ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သည့်အပြင် လက်တွေ့ အကောင်အထည်ဖော်မှုများအားလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ အကြံပြုချက် (၈၈)ချက်အနက် (၈၁)ချက်အား ဆောင်ရွက်လျက် ရှိပါကြောင်း၊ အချို့သော အကြံပြုချက်များ (ဥပမာ-လူမှုသဟဇာတ ဖြစ်မှု) သည် သဘောသဘာဝအရ ပြီးပြည့်စုံရန် အချိန်ယူဆောင်ရွက်ရသည်ကို အသိပေးလိုကြောင်း၊ သို့ရာတွင် မိမိတို့အနေဖြင့် မိတ်ဆွေ နိုင်ငံများ၊ မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်းကြိုးစားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည်ဟု စွပ်စွဲချက်များအားလည်း အလေးထားပါကြောင်း၊ မိမိတို့အစိုးရသည် တရားဥပဒေစိုးမိုးမှုအား ဦးစားပေးဆောင်ရွက်မည်ဟု ရွေးကောက်ပွဲ မူဝါဒဖြင့် နိုင်ငံတာဝန်ထမ်းဆောင်နေသည့် အစိုးရ ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ အဆိုပါကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိကြောင်း အထောက်အထား တွေ့ရှိပါကလည်း ဥပဒေနှင့်အညီ အရေးယူလျက်ရှိပါကြောင်း၊ စွပ်စွဲမှုများအတွက် နိုင်ငံတကာမှ ထင်ရှားသည့်ပုဂ္ဂိုလ်များ ပါဝင်သော လွတ်လပ်သော စုံစမ်းရေးကော်မရှင်အား လည်း ဖွဲ့စည်းထားပြီးဖြစ်သဖြင့် ယင်းကော်မရှင်၏ တွေ့ရှိချက်အရ လိုအပ်သလိုဆက်လက် ဆောင်ရွက် သွားမည် ဖြစ်သဖြင့် မိတ်ဆွေများအနေဖြင့်လည်း ၎င်းကော်မရှင်အား ပံ့ပိုးကူညီရန် နှိုးဆော်တိုက်တွန်း လိုပါကြောင်း ပြောကြားပါသည်။
ထို့နောက် မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့်ပုံမှန် အခြေအနေ ရရှိရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံတွင်း နေထိုင်ခဲ့ကြောင်း အတည်ပြု ထားသူများ ၎င်းတို့၏ဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင် ရောက်ချိန်တွင် လုံခြုံပြီး လူသားဂုဏ်သိက္ခာရှိရှိ ဝင်ရောက်ခွင့်ရစေရန် ပြင်ဆင်ထားပါကြောင်း၊ သို့ရာတွင် ကျယ်ပြန့်သော အရေးကိစ္စဖြစ်သောကြောင့် မြန်မာနိုင်ငံနှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်ပံ့ပိုးလိုသူများအား ကမ်းလှမ်း ဖိတ်ခေါ် ပါကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်စေရန် ပံ့ပိုးကြစေလိုကြောင်းပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ အစည်းအဝေးသို့ တက်ရောက်နေသည့် မြန်မာနိုင်ငံ အရေးစိတ်ဝင် စားသည့် နိုင်ငံများ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန် ရှိသူများအား ဆက်လက် တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့်ပူးပေါင်း ဆောင်ရွက်ရေး ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။