ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကရင်ပြည်နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ခြင်းနှင့် ပြန်လည်ထူထောင်ရေး ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေး

မြဝတီ၊ ၈.၁၀.၂၀၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရ အဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကရင်ပြည်နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်ခြင်း၊ ဘားအံမြို့နှင့်မြဝတီမြို့များတွင် မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်းများ၊ ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လုပ်ငန်းစဉ် ညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို ကရင်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်က ဦးတည်ဆောင်ရွက် လျက်ရှိသော တရားသော ဥပဒေများ စိုးမိုးအကောင်အထည်ဖော်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များမှ မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်သော ကဏ္ဍများကို ဆောင်ရွက် လျက်ရှိရာ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်တစ်ခုအဖြစ် ကိုယ်ဝန်ဆောင်မိခင်နှင့်  ၎င်းမှမွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ကို ဖွံ့ဖြိုးမှုများ အနောက်ကျဆုံးဖြစ်သော ချင်း၊ နာဂနှင့် ရခိုင်ပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ယခုအခါ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်များတွင် တိုးချဲ့ဆောင်ရွက်ပေး မည်ကို အသိပေးပြောကြားလိုပါကြောင်း၊ ဥပဒေအရ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ဖော်ဆောင်သည့် အနေဖြင့် အကျိုးခံစားခွင့်အသက်ကို ယခင် အသက်(၉၀) နှစ်မှ ယခုနှစ်တွင် အသက်(၈၅)နှစ်ထိ လျှော့ချ၍ လူမှုရေးပင်စင်ကို လစဉ်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူ များအတွက် ဥပဒေ၊ နည်းဥပဒေများ ပေါ်ပေါက်ပြီးဖြစ်ရာ အမျိုးသားကော်မတီဖွဲ့စည်းပြီး မသန်စွမ်း အဆင့်သတ်မှတ်နိုင်ရေး မဟာဗျူဟာရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုက်ပွဲရှောင် စခန်းများရှိ ပြည်သူများ အတွက် စနစ်တကျ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို မူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ပြည်နယ်အစိုးရအဖွဲ့ဝင်များကပြီးခဲ့သော ဇူလိုင်လအတွင်းကဖြစ်ပွားခဲ့သော ရေဘေး အတွက်  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ က ထောက်ပံ့ပေးခဲ့မှုများ၊ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က မိမိတို့ ပြည်နယ်ရှိ တိုင်းရင်းသားများအပါအဝင် ပြည်သူလူထူ တစ်ရပ်လုံးအတွက် ပြည်ထောင်စုအစိုးရက လာရောက်ပူးပေါင်း ဆောင်ရွက်ပေးခြင်းကို ကျေးဇူးတင်ရှိပါကြောင်း ပြန်လည် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘက်စုံသုံးဘေးဒဏ်ခိုလှုံ အဆောက်အဦ (Multipurpose Cyclone Shelter) တည်ဆောက်မည့် မြေနေရာ၊ မူးယစ်ဆေးဖြတ်ပြီးများ ပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်မည့် မြေနေရာများကို ကြည့်ရှုပြီး ဘားအံမြို့၊စက်မှုဇုံရှိ ဘိုးဘွားရိပ်သာသို့ သွားရောက်ကြည့်ရှု၍  အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြဝတီမြို့သို့ရောက်ရှိပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် မြို့တော်ခန်းမ၌ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနက မြဝတီခရိုင်အတွင်း ဆောင်ရွက်မည့် လူမှုကာကွယ်စောင့်ရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မြဝတီမြို့တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများကို စနစ်တကျ ပြန်လည် ဖွင့်လှစ်မည် ဖြစ်ရာ ဝန်ထမ်းများခန့်အပ်နိုင်ရေး၊ အဆောက်အဦ အဟောင်းများ ပြန်လည်ပြုပြင်ခြင်း၊ အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် ရပ်ရွာအခြေပြုသင်တန်းများ ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ရင်ခွင်မဲ့ကလေးများ   လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဖွဲ့စည်း၍ ပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းများကို ရှင်လင်း ပြောကြားခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင် က မြဝတီခရိုင်အတွင်း သဘာဝဘေးဒဏ် ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် လိုအပ်ချက်များ တင်ပြတောင်းခံခြင်းနှင့် ပရဟိတ အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီး ဌာနက ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

FacebookTwitter