နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်ရေး (၁/၂၀၁၅) ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ (၁၄) -
မိမိတို့ ဝန်ကြီးဌာနသည် အခြားဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရမှ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ရသင့်ရထိုက်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို စနစ်တကျ ရွေးချယ်နိုင်ရေး အတွက် စည်းမျဉ်းနှင့် ကိုက်ညီသည့် လူမှုရေးအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ရွေးချယ်ပေးကြရမည် ဖြစ်သည့်အတွက် အဖွဲ့ဝင်များ အနေဖြင့် ဖြည့်စွက်ပြင်ဆင် လိုသည်များနှင့် ကွင်းဆင်းဆောင်ရွက်မည့် ကိစ္စများကို ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်းဖြင့် ဒုတိယ ဝန်ကြီး ဒေါ်စုစုလှိုင်က ယနေ့ နံနက်(၁၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော လူမှုရေးဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်း ကော်မတီ၏ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် လူမှုရေးဆိုင်ရာ ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီ တွဲဘက် အတွင်းရေးမှူး လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပုဂ္ဂိုလ်ရေးဆိုင်ရာဆုဖြစ်သည့် အများပြည်သူ ဘေးအန္တရာယ် ကျရောက်မှုအား သက်စွန့်ကြိုးပမ်း ကယ်တင် စွမ်းဆောင်သူဆု ရွေးချယ် ချီးမြှင့်ရေးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်နှင့် ရွေးချယ်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။