လူမှုဝန်ထမ်း ဦးစီးဌာနမှ ရေဘေးသင့် မြို့နယ် (၇)မြို့နယ်တွင် စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးမှုလုပ်ငန်း ဆောင်ရွက်ချက်များ
၁။ ၂၀၁၅ ခုနှစ် ဇွန်၊ ဇူလိုင်လများ အတွင်း မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှု များကြောင့် ထိခိုက်ပျက်စီးမှု ပမာဏ ကြီးမားပြီး သဘာ၀ ဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် များတွင် ရေဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ ခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာသူများ၊ စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာ ရရှိသူများနှင့် ထိခိုက်လွယ်သော၊ အန္တရာယ် ကျရောက်လွယ်သော အုပ်စုများအတွက် ခံစားနေရမှုများ ပြေလျော့စေရန် ရေဘေးသင့် ကျေးရွာများသို့ စိတ်လူမှုရေး ဆိုင်ရာပံ့ပိုးမှု(Psycho-social Care and Support) နှင့် နှစ်သိမ့်ဆွေးနွေးခြင်း (Socail Counselling) များပြုလုပ်ရန် လူမှုဝန်ထမ်း ဦးစီးဌာနမှ စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးမှု အဖွဲ့ဝင်ပေါင်း (၂၃)ဦးပါဝင်သည့် စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးမှုအဖွဲ့ (Psycho-social Care and Support Team) (၇)ဖွဲ့အား အောက်ပါမြို့နယ်များသို့ စေလွှတ်ခဲ့ပြီး (၂၅.၈.၂၀၁၅)ရက်နေ့မှ (၂၅.၉.၂၀၁၅)ရက်နေ့ အထိ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါသည်- (က) မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်၊ (ခ) မင်းပြားမြို့နယ်၊ ရခိုင်ပြည်နယ်၊ (ဂ) ကောလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ (ဃ) ကလေးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ (င) ပွင့်ဖြူမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ (စ) စေတုတ္တရာမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ (ဆ) ဟားခါးမြို့နယ်၊ ချင်းပြည်နယ်
၂။ အဆိုပါ လုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် လူဆုံးရှုံးမှု၊ ပစ္စည်း ဆုံးရှုံးမှုကြောင့် ထိခိုက်ခံစားရသော မိသားစုများအား အဓိကထား၍ စိတ်လူမှုရေး ဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ ရပ်ရွာ လူထုနှင့် မိဘများ၊ ကလေးသူငယ်များအား ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး အသိပညာပေးခြင်း၊ ရပ်ကွက်/ကျေးရွာ အတွင်းရှိ အသက်အရွယ် အလိုက် ကျောင်းနေ/မနေ ကလေးဦးရေ၊ မသန်စွမ်းဖြစ်မှု၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင် စသည့် လူဦးရေစာရင်း ကောက်ယူခြင်း၊ ကလေး သူငယ်များအတွက် အသက်အရွယ် အလိုက် ကစားနည်းများ လာရောက် ကစားနိုင်သော ကလေးပျော်နေရာ (Child Friendly Space – CFS)များ တည်ထောင်နိုင်ရန် အဆောက်အဦနှင့် နည်းပညာများ ပံ့ပိုးပေးခြင်း၊ ကစားနည်း အမျိုးအစား (၂၂)မျိုး ပါဝင်သော ကစားစရာများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပါသည်။
၃။ အဖွဲ့(၇)ဖွဲ့မှ ရွာပေါင်း (၁၁၁)ရွာတွင် စိတ်လူမှုရေး ဆိုင်ရာ ပံ့ပိုးမှုများနှင့် ကလေး သူငယ်ကာကွယ် စောင့်ရှောက်ရေး အသိပညာပေး လုပ်ငန်း (၈၁)ကြိမ် ဆောင်ရွက်ခဲ့ပြီး မြောက်ဦးမြို့နယ်တွင် (၁၄၉၄)ဦး၊ မင်းပြားမြို့နယ်တွင် (၁၃၂၀)ဦး၊ ကောလင်းမြို့နယ်တွင် (၁၅၀၁)ဦး၊ ကလေးမြို့နယ်တွင် (၁၂၀၀)ဦး၊ ပွင့်ဖြူမြို့နယ်တွင် (၁၀၃၂)ဦး၊ စေတုတ္တရာမြို့နယ်တွင် (၁၂၅၁)ဦး လူဦးရေ စုစုပေါင်း (၇၇၉၈)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။
၄။ ကလေးပျော်နေရာများ ဆောင်ရွက်ရာတွင် မြောက်ဦးမြို့နယ်တွင် (၄)ရွာ (ကျွဲတဲ၊ မြောင်းဘွေရွာဟောင်း၊ ဂုဏ်ကျွန်း၊ ညောင်ပင်လှ)၊ မင်းပြားမြို့နယ်တွင် (၄)ရွာ (ခေါင်းလောင်းရွာသစ်၊ ခေါင်းလောင်းရွာဟောင်း၊ အဝကျေးရွာ၊ တောင်ရွာ)၊ ကလေးမြို့နယ်တွင် (၅)ရွာ (ချင်းဆိုင်၊ မြစိမ်း၊ ကျောက္ကာ၊ တွီးခိန်ဇန်(က)၊ တွီးခိန်ဇန်(ခ))၊ ကောလင်းမြို့နယ်တွင် (၆)ရွာ (သရက်ခုံ၊ ကြိုးခုန်၊ ရွှေတွင်း၊ သက်ကယ်ကျင်း၊ ကြေးအင်း၊ သရက်ချဉ်)၊ ပွင့်ဖြူမြို့နယ်တွင်(၄)ရွာ (ကနီ၊ ထိန်အိုင်၊ ရွာသစ်၊ ကျွဲတိ)၊ စေတုတ္တရာမြို့နယ်တွင် (၆)ရွာ (အမှတ်(၁)ရပ်ကွက်၊ အောက်ပုံ၊ ကြီးအုံ၊ မြေနီရွာဟောင်း၊ ဖအိုင်း၊ မုံညင်း)၊ စုစုပေါင်း (၂၉)ရွာတွင် ကလေးပျော် နေရာများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကလေးစုစုပေါင်း (၂၅၆၀)ဦးမှ အဆိုပါ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပါသည်။
၅။ အဆိုပါ အဖွဲ့(၇)ဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် (၂၇.၁၀.၂၀၁၅)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီး စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးမှုအဖွဲ့(၇)ဖွဲ့မှ မိမိတို့ အဖွဲ့အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များအား ရှင်းလင်း တင်ပြကြပါသည်။ အဆိုပါအစည်းအဝေးတွင် လူမှုဝန်ထမ်း ဦးစီးဌာနအနေနှင့် သဘာဝဘေးဒဏ်ခံ ဒေသများအတွင်း ဆက်လက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြပါသည်။
၆။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNICEF တို့ပူးပေါင်းပြီး ကောလင်းမြို့နယ်၊ ကလေးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စေတုတ္တရာမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ဟားခါးမြို့နယ်နှင့် တီးတိန်မြို့နယ်အတွင်းရှိ သဘာဝဘေးဒဏ်ခံဒေသများတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းရုံးများမှ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager) (၁)ဦးစီအား အဆိုပါမြို့နယ် (၈)မြို့နယ်တွင် (၃၁.၁၂.၂၀၁၅) ရက်နေ့အထိ စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။