ကျား/မအခြေပြုအကြမ်းဖက်မှုဖြစ်ရပ်စီမံခန့်ခွဲခြင်းသင်တန်းဖွင့်လှစ်
နေပြည်တော်၊ နိုဝင်ဘာ ၁၆ -
ကျား/မအခြေပြု အကြမ်းဖက်မှု ဖြစ်ရပ်စီမံခန့်ခွဲခြင်း သင်တန်းကို ယနေ့နံနက် (၉း၃၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတွင် ဖွင့်လှစ်ကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
“လူမှုဝန်ထမ်းဦးစီးဌာနသည် လုပ်ငန်းစဉ်ကြီး(၈)ရပ်ဖြစ်သည့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း၊ လူငယ်စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီးစောင့်ရှောက်ရေးလုပ် ငန်း၊ သက်ကြီးရွယ်အိုများစောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ၊ လူမှုဂရုဏာစောင့်ရှောက်ရေးလုပ်ငန်းများကို သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုချဉ်းကပ် နည်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
လုပ်ငန်းဆောင်ရွက်ရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းရှိအရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
ဤသို့ဆောင်ရွက်ရာတွင် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများအား ရုပ်ပိုင်းဆိုင်ရာပံ့ပိုးမှုများ အပြင် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်း များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
လုပ်ငန်းဆောင်ရွက်မှုများ ထိရောက်မှုရှိစေရန် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်း (အခြေခံ)သင်တန်းများ၊ (မွမ်းမံ)သင်တန်းများ၊ (ဆရာဖြစ်)သင်တန်းများ နှစ်စဉ်ပို့ချ၍ ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ခြင်းများ ပြုလုပ်ပေးလျက်ရှိပါကြောင်း၊
ယခု ကျား/မအခြေပြုအကြမ်းဖက်မှု ဖြစ်ရပ်စီမံခန့်ခွဲခြင်းသင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ထမ်းဆောင်သူ ဝန်ထမ်းများ အနေနှင့် မိမိဝန်ဆောင်မှုပေးရသူများ၏ စိတ်ပိုင်းဆိုင်ရာခံစား မှုများနှင့် ကျား/မအခြေပြုအကြမ်းဖက်မှု ကြုံတွေ့ခံစားရပါက မည်သည့်ပံ့ပိုးမှုများပြုလုပ်ရ မည်ကို ကောင်းစွာသိရှိနားလည်ပြီး ရပ်ရွာအတွင်း ကျား/မအခြေပြုအကြမ်းဖက်မှုဖြစ်ရပ်စီမံခန့် ခွဲခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းအတွက်အထောက်အကူပြုစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါ ကြောင်း” စသည်ဖြင့် ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းကို ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့မှ (၁၇)ရက်နေ့အထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေး ခန်းမတွင် နံနက်(၉း၃၀)နာရီမှ ညနေ(၄း၃၀)နာရီအထိ သင်တန်းသား(၅၀)ဦးဖြင့် ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။