ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင် သည် ဒီဇင်ဘာလ (၁) ရက်နေ့၊ နံနက်ပိုင်းတွင် The World Bank မှ Senior Infrastructure Specialist ဖြစ်သူ Mrs. Henrike Brecht ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပြီး အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်မှုဖြင့် စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီနှင့် ပြန်လည်ထူထောင်မှုလုပ်ငန်း ညှိနှိုင်းရေး လုပ်ငန်းကော်မတီတို့၏ ဆောင်ရွက်နေမှု၊ အရေးပေါ်လုပ်ငန်းစင်တာ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းရေးစင်တာ နှင့် ပြန်လည်ထူထောင်ရေး စီမံကိန်းများရေးဆွဲရေးဖိုရမ် တို့ကို ဖွင့်လှစ်ဆောင်ရွက်နေမှု၊ ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံံးမှုများနှင့် ဝန်ကြီးဌာနအနေဖြင့် ကူညီထောက်ပံ့မှုနှင့် အလှူငွေ လက်ခံရရှိမှု၊ အမြန်ဆုံးပြန်လည် ထူထောင်နိုင်ရေးအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်မှုများနှင့် လိုအပ်သော လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ပါ ဘေးသင့်ပြည်သူများအား လူမှုကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်ပေးမှုအခြေအနေနှင့် ရေဘေးသင့်ပြည်သူများအား စိတ်-လူမှုရေးဆိုင်ရာ ဖြေသိမ့်အားပေးကူညီခြင်းလုပ်ငန်းများ၊ ဒီဇင်ဘာလ (၄)ရက်နေ့တွင် ဖွင့်လှစ်မည့် မြန်မာနိုင်ငံရှိ တစ်ခုတည်းရှိသော ဟင်္သာတမြို့ သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းကျောင်း နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ၊ ပြန်လည်ထူထောင်ရေးအတွက် Small and Medium Enterprise များနှင့် စပ်လျဉ်း၍ အဖွဲ့အစည်းနှစ်ခုအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ရေဘေးသင့်ပြည်သူများပြန်လည်ထူထောင်ရေးအတွက် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ မှ (၅၇.၆၅၅) သိန်းကျပ်ကို လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးမှ လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။