အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကျင်းပ
(၂၀၁၅) ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International day of Persons with Disabilities for 2015) အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ MICC (2) ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် တက်ရောက်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်မှာ မသန်စွမ်းသူများအား ထောက်ပံ့ပေးခြင်း လုပ်ငန်းများအပါအဝင် လူမှုရေးအရ ကာကွယ်စောင့်ရှောက်ရန်လိုအပ်တဲ့ အုပ်စုများကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် တဆင့်ပြီးတဆင့် ထောက်ပံ့ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ (၂၀၁၄) ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ မသန်စွမ်းသူဦးရေဟာ လူဦးရေစုစုပေါင်း၏ (၄.၆)ရာခိုင်နှုန်းရှိပြီး ကိန်းဂဏန်းအားဖြင့် (၂.၃)သန်းကျော်ရှိပါကြောင်း၊ ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Convention on the Rights of Persons with Disabilities- UNCRPD) ကို မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့မှာ ပါဝင်လက်မှတ် ရေးထိုးပြီးဖြစ်ပါကြောင်း၊ “မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ” (The Right of Persons with Disabilities Law) ကို ပြည်ထောင်စု လွှတ်တော်က ၂၀၁၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့မှာ ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ အဲဒီဥပဒေမှာ အခန်းပေါင်း (၁၇) ခန်းနဲ့ ပုဒ်မပေါင်း (၉၄) ခုပါဝင်ပြီး နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ရေးရာ အဖြာဖြာမှာ မသန်စွမ်းသူများအားလုံး ပေါင်းစည်းပါဝင်နိုင်အောင် လုပ်ပိုင်ခွင့်နဲ့ စွမ်းဆောင်ရည်ကို ယခင်ကထက် ပိုမိုမြှင့်တင် ဆောင်ရွက်ပေးနိုင်တော့မှာ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေနဲ့ မသန်စွမ်းကျောင်း(၈) ကျောင်းကို စံပြမသန်စွမ်းကျောင်းများအဖြစ် ဖွင့်လှစ်ထားပြီး ပြင်ပရှိမျက်မမြင်၊ နားမကြားစတဲ့ မသန်စွမ်းစောင့်ရှောက်ရေး ပရဟိတဂေဟာ(၁၀)ခုကိုလည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ (၅၇.၇၂၃) သန်း ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ကကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွထွေရွေးကောက်ပွဲကြီးမှာ မျက်မမြင်သုံး သင်္ကေတများပါရှိတဲ့ Template (ပုံစံပြား)ကို အသုံးပြုပြီး အခြားအကူအညီမပါဘဲ မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးခဲ့ကြပါကြောင်း၊ “လူတိုင်းအကျုံးဝင် ဖွံ့ဖြိုးဖို့၊ မသန်စွမ်းအားလုံး စွမ်းအားမြှင့်တင်စို့”(Inclusion matters: access and empowerment for People of all abilities) ဆိုတဲ့ဆောင်ပုဒ်အတိုင်း မသန်စွမ်းသူများရဲ့ ဂုဏ်သိက္ခာ၊ စွမ်းရည်နဲ့ စွမ်းဆောင်နိုင်မှု များကို နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးက အသိအမှတ်ပြုကြဖို့နဲ့ မသန်စွမ်းသူများရဲ့ လူနေမှုဘ၀ လုံခြုံ စိတ်ချမှုရှိပြီး ဖွံ့ဖြိုးတိုးတက် မြင့်မားလာအောင် ပူးပေါင်းဆောင်ကြဉ်းပေးကြဖို့ တိုက်တွန်းမှာကြား လိုပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ပြောကြားပါသည်။
ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ကုလသမဂ္ဂ အဖွဲ့အစည်း များ၏ ဌာနေကိုယ်စားလှယ်က ဖတ်ကြားပြီး မသန်စွမ်းသူများဆိုင်ရာ ဗွီဒီယိုမှတ်တမ်း ပြသပါသည်။
ထို့နောက် အထိမ်းအမှတ်ပြခန်းကို လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိပါသည်။