အမျိုးသားအဆင့် လူငယ်မူဝါဒ ရေးဆွဲရေးဆွေးနွေး

နေပြည်တော်၊ ဇန်နဝါရီလ (၁၂) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် အား UNFPA အဖွဲ့မှ ဌာနေကိုယ်စားလှယ် ဖြစ်သူ Ms.Janet Jackson ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ(၁၂)ရက်နေ့၊ မွန်းလွဲ (၂း၀၀) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက် တွေ့ဆုံပါသည်။

      ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးဒေါ်စုစုလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

      ယင်းသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ပါလုပ်ငန်းများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် စီမံကိန်း (၂၀၁၃-၂၀၂၂) အတိုင်း အကောင်အထည်ဖေါ်နေမှု၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် အကောင်အထည်ဖော် ဆောင်ရွက်မှုအနေဖြင့် စတုတ္ထနှင့်ပဉ္စမအကြိမ် ပူးတွဲ အစီရင်ခံစာကို ကုလသမဂ္ဂသို့ ပေးပို့ထားမှု၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အတည်ပြုနိုင်ရေး ပြီးစီးမှုအခြေအနေ၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုအရ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့မှာ ဒီဇင်ဘာလ(၄)ရက်နေ့မှ စတင်၍ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သော မြန်မာနိုင်ငံတွင် ပထမဆုံး တစ်ခုတည်းသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ စေတနာ့ဝန်ထမ်း လူငယ်များကို သင်တန်းပို့ချနေမှုများ၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် သဘာဝဘေးဖြစ်ပွားပါက အစုအဖွဲ့ ပုံသဏ္ဍာန်ဖြင့် အရေးပေါ် လှုပ်ရှားဆောင်ရွက်နိုင်ဖို့အတွက် ဖွဲ့စည်းထားသော ရပ်ကွက်၊ ကျေးရွာအခြေပြုနည်းလမ်းနဲ့ သဘာဝဘေး လျော့ပါးရေးနှင့် လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်း လူငယ်များ စီမံကိန်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ အမျိုးသားအဆင့် လူငယ်မူဝါဒ ရေးဆွဲနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter