မူလတန်းကြိုကျောင်းများ ဖွင့်လှစ်

ဖျာပုံ၊ ဇန်နဝါရီလ (၂၂) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့သို့ရောက်ရှိပြီး ဝန်ကြီးဌာနမှ (၇၀)သိန်းကျပ်ဖြင့် ထောက်ပံ့ထားသည့် ဖျာပုံမြို့၊ (၁၈)ရပ်ကွက်အဝင် ဦးအောင်မြတ်လမ်း ကွန်ကရိလမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။

      ထို့နောက် ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာ၌ လူမှုကာကွယ်စောင့်ရှောက်ရေး ကနဦးစီမံချက်အနေဖြင့် ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာသက်ကြီးသူချင်း ကူညီ စောင့်ရှောက်ရေးအဖွဲ့ (Help Age International)နှင့် ပူးပေါင်းဆောင်ရွက်ထားသော (၁၈)ရပ်ကွက်နှင့်(၁၉) ရပ်ကွက်အတွင်း နေထိုင်သည့် အသက်(၇၀)နှစ်နှင့်(၉၀)နှစ်ကြား အဘိုးအဘွားများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအတွက် (၃)လစာထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ငွေ(၁၁၁.၃၅)သိန်းကျပ်၊ ဖျာပုံမြို့(၁၇)ရပ်ကွက် ကျောက်စိမ်းလမ်း ကွန်ကရိလမ်းအတွက် (၂၀)သိန်း၊ ဘိုးဘွားရိပ်သာ ရေကန်ပြုပြင်ရန် (၇)သိန်း၊ (၁၈)ရပ်ကွက် ဘုံဆွမ်းလောင်းအတွက် (၁)သိန်း၊ ဒေးဒရဲမြို့ပေါ်မူလတန်းကြိုကျောင်းအတွက် (၃၀၀)သိန်းနှင့် မိသားစုသုံးပစ္စည်းများကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးပါသည်။

     ၎င်းနောက် ချောင်းတွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ချောင်းတွင်းကျေးရွာ အုပ်စုအတွင်းနေထိုင်သည့် အသက်(၇၀)နှစ်နှင့် (၉၀)နှစ်ကြား အဘိုးအဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအတွက် (၃)လစာ ထောက်ပံ့ငွေ (၁၄၂.၀၆)သိန်းကျပ်နှင့် မိသားစုသုံးပစ္စည်းများကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးပါသည်။

     ထို့နောက်ဒေးဒရဲမြို့သို့ သွားရောက်၍ ဦးအောင်ဇော်မြင့် + ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် သားသမီး၊ ‌မြေးတစ်စုမှ လှူဒါန်းဆောက်လုပ်နေသည့် မြတ်စေတနာ ဘိုးဘွားရိပ်သာကို ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပါသည်။

     ဇန်နဝါရီလ(၂၃)ရက်နေ့တွင် ရန်ကုန်မြို့၌ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း၊ (၂၀၁၅-၂၀၁၆)ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုနှင်းသဘင် အခမ်းအနားသို့ တက်ရောက်ပြီး ဂုဏ်ပြုအမှာစကား‌ပြောကြားကာ ပြည်ထောင်စုဝန်ကြီးမိသားစုမှ ပါရမီရှင်ဒေါ်မြနွယ် ပညာသင်ဆုအတွက် (၅)သိန်းကျပ် လှူဒါန်းပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ပေးပါသည်။

     ဆက်လက်၍ ဝန်ကြီးဌာနဘတ်ဂျက်မှ (၉၉၀)သိန်းကျပ်ဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့၊ စံပြမူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံ့သာရည်ပက်ဖျန်း၍ အမှာစကား ပြောကြားပါသည်။

      ဇန်နဝါရီလ (၂၄)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခမြို့နယ်၊ ပျဉ်းမကန် စံပြကျေးရွာသို့ ကွင်းဆင်း၍ ဝန်ကြီးဌာန ဘတ်ဂျက်မှ (၁၂၉၀)သိန်းကျပ်ဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် စံပြမူလတန်းကြိုကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံ့သာရည် ပက်ဖျန်း၍ အမှာစကား‌ပြောကြားကြောင်း သိရှိရပါသည်။

FacebookTwitter