လူမှုကာကွယ်စောင့်ရှောက်ရေး ကနဦးစီမံချက် ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊   ဖေဖော်ဝါရီ (၂၉) -

    လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီ(၂၉)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ထိုင်ကူမြစ်တန်းကျေးရွာသို့ စက်လှေဖြင့်သွားရောက်ပြီး ဝန်ကြီးဌာနမှ (၄၅)သိန်းကျပ်ဖြင့် ဆောက်လုပ် ပြီးစီးသည်‌့ ဂိုး‌မြောင်းချောင်းကူး ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံ့သာရည်ပက်ဖျန်းပေးပြီး ဒေသခံပြည်သူများအတွက် မိသားစုသုံး ပစ္စည်းများ ထောက်ပံ့ပေးပါသည်။

      ဆက်လက်၍ မိကျောင်းအိုင်ကျေးရွာအုပ်စု၊ ရွာသာအေးရွာသို့ စက်လှေဖြင့် သွားရောက်ပြီး ဝန်ကြီးဌာနမှ (၂၅)သိန်းကျပ်ဖြင့် ထောက်ပံံ့ထားသည်‌့ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ကမ္ဗည်းမော်ကွန်းကို နံ့သာရည်ပက်ဖျန်းပေးပြီး ဒေသခံပြည်သူများအတွက် မိသားစုသုံးပစ္စည်းများနှင့် ချောင်းကူးတံတား တည်ဆောက်ရန် (၅)သိန်းကျပ် ထောက်ပံ့ပေးပါသည်။

      မတ်လ(၁)ရက်နေ့တွင် ဖျာပုံမြို့၊ (၁၇)ရပ်ကွက်၌ ဝန်ကြီးဌာနမှ (၂၀)သိန်းကျပ်ဖြင့် ထောက်ပံ့သည်‌့ ကျောက်စိမ်းလမ်းကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနား တက်ရောက်ပါသည်။

      ဆက်လက်၍ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာနှင့် ချောင်းတွင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတို့၌ ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးထားသည်‌့ အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများ ကူညီစောင့်ရှောက်ရေးအဖွဲ့(Help Age International) နှင့် ပူးပေါင်းဆောင်ရွက်ထားခဲ့သော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ (၁)နှစ်တိတိ ကနဦးစီမံချက်အနေဖြင့် (၁၈)ရပ်ကွက်၊ (၁၉)ရပ်ကွက်နှင့် ချောင်းတွင်းကျေးရွာများအတွင်း နေထိုင်သည်‌့ အသက်(၇၀)နှစ်မှ (၉၀)နှစ်အကြား အဘိုးအဘွားများအတွက် တစ်ဦးလျှင်တစ်လ တစ်သောင်းကျပ်နှုန်း၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် တစ်ဦးလျှင် တစ်လတစ်သောင်းကျပ်နှုန်းနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် တစ်ဦးလျှင်တစ်လ ခုနှစ်ထောင်နှုန်းဖြင့် နောက်ဆုံးသုံးလစာ ထောက်ပံ့ငွေ စုစုပေါင်း(၂၃၂.၆၈)သိန်းကျပ်၊ (၁၇)ရပ်ကွက်၊ ပတ္တမြားလမ်းနှင့် ကျောက်စိမ်းလမ်း၊ ကျန်ရှိအပိုင်း ကွန်ကရစ်လမ်းခင်းရန် (၃၀)သိန်းကျပ်နှင့် ကျုံကဒွန်းကျေးရွာ စံပြမူလတန်းကြိုကျောင်းအဝင် ကွန်ကရစ်လမ်း အတွက် (၅)သိန်းကျပ်တို့ကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးပါသည်။

      ထို့နောက် ပြည်သူ့ပန်းခြံ၌ ဝန်ကြီးဌာနမှ(၅၀)သိန်းကျပ်ဖြင့် ထောက်ပံ့ထားခဲ့သည်‌့ အပေါ့စားမီးသတ်ရေစုပ်စက် သရုပ်ပြပွဲကို ကြည်‌့ရှုအားပေး၍ (၁၀၀)သိန်းကျပ်ဖြင့် ထောက်ပံ့ထားသော ဖျာပုံမြစ်ကမ်းပါးထိန်း ကွန်ကရစ်နံရံ တည်ဆောက်နေမှုကို ကြည်‌့ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။

FacebookTwitter