အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

နေပြည်တော် -

      "ကျား၊ မတန်းတူ ကမ္ဘာတစ်ဝန်း ၂၀၃၀ ရည်ကာမှန်း" ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဝင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

      အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်ကိုယ်စား အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ အနေဖြင့်လည်းကောင်း၊ အာဆီယံ အမျိုးသမီးရေးရာကော်မတီ အဖွဲ့ဝင်နိုင်ငံ အနေဖြင့် လည်းကောင်း၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင် အဖွဲ့ဝင်နိုင်ငံအနေဖြင့် လည်းကောင်း၊ မြန်မာအမျိုးသမီးထုကြီး အားလုံး၏ အခွင့်အရေးများ အပြည့်အ၀ ရရှိခံစားနိုင်ရေးအတွက် ဆက်စပ်လျက်ရှိသည့် ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီး များနှင့် ကလေးသူငယ်များဘ၀ မြှင့်တင်ရေးအသင်းစသည့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ပြည်ပအဖွဲ့အစည်းများ၊ ကျားမရေးရာအဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများအားလုံးနှင့် လက်တွဲကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၁၀)နှစ်စီမံကိန်း (၂၀၁၃-၂၀၂၂) (National Strategic Plan for Advancement of Women-NSPAW) ကို မိတ်ဆက်ရှင်းလင်း ရေးဆွဲခဲ့ပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကဏ္ဍကြီး(၁၂)ရပ်ကို မဟာဗျူဟာ(၄)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာအတွင်း ထုတ်ဝေဖြန့်ချိခဲ့သည့် မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (Myanmar National Strategic Plan on Social Protection)တွင်လည်း အမျိုးသမီးများအတွက် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ထည့်သွင်း ရေးဆွဲထားပြီးဖြစ်ပါကြောင်း။ ၂၀၁၅ ခုနှစ်အတွင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် Gender Equality Network တို့ ပူးပေါင်း၍ “တိတ်ဆိတ်ခြင်း၏နောက်ကွယ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် အမျိုးသမီးများ၏ ခံနိုင်ရည်စွမ်းသုတေသနအစီရင်ခံစာ” (Behid the Silence: Violence against Women and their Resilence in Myanmar)နှင့် ကျား၊ မ လူမှုရေးရာ အလေ့အထ များနှင့် ယဉ်ကျေးမှုစံနှုန်းများ၊ သတ်မှတ်ချက်များကို လေ့လာသည့် “ရုန်းမထွက်သာ အစဉ်အလာ သုတေသနစာတမ်း” “Raising the Curtain: Social Norms, Cultural Practices and Gender Equailty in Myanmar ” တို့ကို မိတ်ဆက်ဖြန့်ချိပြီးဖြစ်ပါကြောင်း။ ဆက်လက်ပြီး UN Gender Them Group နှင့် ပူးပေါင်း၍ “ မြန်မာနိုင်ငံရှိ ကျား၊ မ ရေးရာအခြေအနေ လေ့လာဆန်းစစ်မှုစစ်တမ်း” “ Gender Situation Analysis” ကို အတည်ပြု မိတ်ဆက်ဖြန့်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်အနေဖြင့် ၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်ဖြစ်သည့် “ ကျား၊ မ တန်းတူကမ္ဘာတစ်ဝန်း ၂၀၃၀ ရည်ကာမှန်း” “Planet 50-50 by 2030:Step it Up for Gender Equality” နှင့်အညီ မြန်မာအမျိုးသမီးများသည် ခေတ်သစ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရာတွင် ကျရာတာဝန်များကို တန်းတူညီမျှပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

      ထို့နောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ကုလသမဂ္ဂ အမျိုးသမီးရေးရာအဖွဲ့မှ ဌာနေကိုယ်စားလှယ် ဒေါက်တာ ဂျင်းဒီခွန်ဟ က ဖတ်ကြားသည်။

      အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများသည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။

      အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် ၁၉၀၈ ခုနှစ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ အထည်ချုပ်စက်ရုံရှိ အမျိုးသမီးများ၏ တောင်းဆိုမှုများမှ အစပြုခဲ့ သည်။

      ၁၉၁၀ ခုနှစ် ကိုဖီဟေဂင်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင်မှ အမျိုးသမီးများ ဒုတိယအကြိမ် ညီလာခံတွင် ဂျာမနီနိုင်ငံ အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သည့် ကလဲရာဇက်ခင်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တစ်ကမ္ဘာလုံး၌ တစ်ရက်တည်းတွင် သတ်မှတ်ကျင်းပရန် တောင်းဆိုခဲ့သည်။

      ပထမဆုံးအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ၁၉၁၁ ခုနှစ် မတ် ၁၉ ရက်တွင် ကျင်းပခဲ့ပြီး ၁၉၇၅ ခုနှစ်မှစတင်၍ မတ် ၈ ရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်သည်။

      ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏ တိုးတက်မှုများကို အသိအမှတ်ပြုရေး၊ စီးပွားရေးအခွင့်အလမ်း၊ လစာတန်းတူရရှိခြင်းအပါအဝင် နိုင်ငံရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် အမျိုးသမီးများနှင့် အမျိုးသားများ တန်းတူရည်တူ အောင်မြင်မှုများ ရရှိရေးနှင့် အမျိုးသမီးများအားလုံးကို ကူညီရာတွင် အာရုံစိုက်ရေးတို့ကို ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။

FacebookTwitter