ရွာငံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ဖွင့်လှစ်
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် မတ်လ(၁၈)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သို့ ရောက်ရှိပြီး ဝန်ကြီးဌာနမှ (၂၀၀)သိန်းကျပ်၊ ဦးအောင်ဇော်မြင့်+ပြည်ထောင်စုဝန်ကြီး မိသားစုမှ(၁၀)သိန်းကျပ်ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သည့် ဓနုမြေ ဘိုးဘွားရိပ်သာ၊ ဓမ္မာရုံ၌ အဘိုး၊ အဘွားများအား အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ကန်တော့ပြီး သက်ဆိုင်သူများထံ မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးကာ ဝန်ကြီးဌာနမှ(၃၀၀)သိန်းကျပ်ဖြင့် လှူဒါန်းထား ခဲ့သည့် ဘိုးဘွားရိပ်သာဆောင်ကို လှည့်လည်ကြည့်ရှုပါသည်။
မတ်လ(၁၉)ရက်နေ့တွင် ရွာငံမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစင်အောင်မြတ်၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးထူးကိုကိုနှင့် လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စက်ခလုပ်နှိပ် ဖွင့်လှစ်ပြီး ကမ္ဗည်းမော်ကွန်းကို နံ့သာရည် ပက်ဖျန်းပေးပါသည်။
၎င်းနောက် စက်ချုပ်ပညာသင်တန်း ပို့ချနေမှုကို အားပေးပြီး အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှု၍ ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အိမ်တွင်းမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၁၀)နှစ်စီမံကိန်း (၂၀၁၃- ၂၀၂၂)( National Strategic Plan on Advancement of Women-NSPAW) ၏ အဓိက လုပ်ငန်းစဉ်(၁၂)ရပ်ပါ အမျိုးသမီးများနှင့် အသက်မွေး ဝမ်းကျောင်းမှု လုပ်ငန်းများအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌက အမှာစကားပြောကြားပါသည်။ ၎င်းနောက် သက်ဆိုင်သူများထံ မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးပြီး ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။