လေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်း

နေပြည်တော်၊ မေလ ၁ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၁.၅.၂၀၁၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ ထီးလှိုင်ကျေးရွာအုပ်စု၊ ဆည်တိုရွာသို့ ရောက်ရှိပြီး ၃၀-၄-၂၀၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးဒုက္ခကြုံတွေ့ရသည့် လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ‌ပြောကြားကာ ပြိုကျနေအိမ်(၃)လုံးအတွက် ကျပ် (၁.၅) သိန်း၊ကယ်ဆယ်ရေးပစ္စည်းနှင့် အသင့်စားခေါက်ဆွဲထုပ်များအားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၃၉)လုံးအတွက် ကျပ် (၇.၈) သိန်းအားလည်းကောင်း၊ ကလေးငယ်များအတွက် ကစားစရာအရုပ်များအားလည်းကောင်း ထောက်ပံ့ပေး အပ်ခဲ့ပါသည်။

      ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ်၊ ပျဉ်တပ်ရပ်ကွက်သို့ ရောက်ရှိပြီး ပြိုကျနေအိမ် (၂) လုံးအတွက် ကျပ် (၁) သိန်းအားလည်းကောင်း၊ အုန်းပင်ရပ်ကွက်ရှိ ပြိုကျနေအိမ် (၁)လုံး အတွက် ကျပ်(၅)သောင်းအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး လေဘေးကြောင့် ထိခိုက်ပျက်စီးမှု များအား လေ့လာကြည့်ရှုခဲ့ပါသည်။

      ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ရမည်းသင်းခရိုင်၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး လေဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော လူနာ(၁၁)ဦးအား တွေ့ဆုံအားပေးစကား‌ပြောကြားပြီး ထောက်ပံ့ငွေကျပ်(၃.၉)သိန်းနှင့် အသင့်စား ခေါက်ဆွဲထုပ်များအားလည်းကောင်း၊ သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ ကျပ် (၁) သိန်းအား တာဝန်ရှိသူ (၁) ဦးထံသို့ လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

      ဆက်လက်၍ ရမည်းသင်းမြို့နယ်၊ ညောင်အိုင်ရွာ၊ မူလတန်းကျောင်းသို့ ရောက်ရှိပြီး လေဘေးသင့်ပြည်သူများအတွက် ယာယီဖွင့်လှစ်ထားသည့် ဆေးခန်းနှင့် ရေသန့်စင်စက်ဖြင့် သောက်ရေ ဖြန့်ဝေပေးနေမှုအား ကြည့်ရှုလေ့လာပြီး ပြိုကျနေအိမ်(၁၂)လုံးအတွက် ကျပ် (၆) သိန်းနှင့် ကလေးများအတွက် ကစားစရာ အရုပ်များအားလည်းကောင်း၊ ဈေးကုန်းရွာရှိ ပြိုကျနေအိမ် (၄) လုံးအတွက် ကျပ် (၂) သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်းများအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး စာရင်းကောက်ယူဆဲဖြစ်သည့် ကျန်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ဆက်လက်ထောက်ပံ့နိုင်ရေး နှင့် သေဆုံးသူကျန်ရှိသည့် ပြည်သူများအား စနစ်တကျ ကောက်ယူ၍ ဆက်လက်ထောက်ပံ့နိုင်ရေး တာဝန်ရှိသူ များအား ဆွေးနွေးမှာကြား စီစဉ်ဆောင်ရွက် ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter