အမျိုးသားသဘာဝဘေး တုံ့ပြန်ရေးမူဘောင်ကို အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်အညီ လေ့လာရေး စီမံချက်အလုပ်ရုံ ဆွေးနွေးပွဲသို့ အဖွင့်အမှာစကား ပြောကြားခြင်း၊ ရေဘေးသင့် ဒေသများအတွက် အလှူပစ္စည်းများ လက်ခံခြင်းနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ လာရောက်တွေ့ဆုံခြင်း
နေပြည်တော်၊ မေလ (၂၄) ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် နေပြည်တော်၊ အမရဟိုတယ်တွင် ၂၀၁၆ခုနှစ်၊ မေလ(၂၄) ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်မှာ ကျင်းပပြုလုပ်သည့် အမျိုးသားသဘာဝဘေး တုံ့ပြန်ရေးမူဘောင်ကို အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်အညီ လေ့လာရေးစီမံချက်အား အကောင်အထည်ဖော်နိုင်ရေးနှင့် စပ်လျဉ်း၍ International Disaster Response Law (IDRL) in Myanmar: Strengthening the National Framework for International Disaster Response” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာ အကူအညီ ရယူဆောင်ရွက်ရန် လိုအပ်သည့် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်များတွင် ဘေးသင့်ပြည်သူများအတွက် လူသားချင်း စာနာကူညီမှု လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ အမျိုးသား အဆင့်မူဘောင်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရန် ကျင်းပခြင်းဖြစ်ပါသည်။
အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုလွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ဖိတ်ကြားထားသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းဖက်ဒရေးရှင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း (၆၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။
ထို့နောက် နံနက်(၀၉း၃၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဒေါက်တာစည်သူအောင်နှင့် တပည့်များ (စွမ်းအားရာထူး ဝင်ခွင့်သင်တန်းနှင့် အင်္ဂလိပ်စာသင်တန်း၊ ပျဉ်းမနားမြို့)က ရေဘေးသင့်ဒေသများရှိ ကျောင်းသား/ကျောင်းသူများအတွက် ငွေကျပ် (၁၀)သိန်းတန်ဖိုးရှိ ကျောင်းသုံးစာရေး ကိရိယာများကို လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးမှ လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ နံနက်(၁၀း၀၀)တွင် အဆိုပါဝန်ကြီးဌာနရှိ မေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီးအား ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်World Food Programme (WFP) မှ ဌာနေကိုယ်စားလှယ် Mr.Dom Scalpelli ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများ အစီအစဉ်များ၊ သဘာဝဘေးအန္တရာယ်တုန့်ပြန်မှု လုပ်ငန်းများနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (EOC)နှင့် ဟင်္သာတမြို့ရှိ ဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းသို့ ပံ့ပိုးကူညီပေးသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းရပ်များ၊ ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အရေးပေါ် အစားအစာ တိုက်ရိုက်အကူအညီ ဖြန့်ဝေပေးမှုကိစ္စရပ်များ၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများအတွက် ပံ့ပိုးကူညီမှုလုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။