အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိ
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၆-၆-၂၀၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနက ဆောင်ရွက်လျှက်ရှိသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်းမှ အခြေအနေမဲ့များ စောင့်ရှောက်ရေးစခန်း(နာနတ်တော)သို့ သွားရောက်၍ လမ်းပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ နေသည့် တောင်းရမ်းစားသောက်သူများ၊ အခြေအနေမဲ့များ၊ လေလွင့်ကလေးငယ်များ၊ လမ်းပေါ်နေသူများ လျော့နည်းပပျောက်ရေး ဆောင်ရွက်မှုများအား သွားရောက်ကြည့်ရှု့ပြီး စောင့်ရှောက်ထားရှိသော ကလေး သူငယ်(၃၃)ဦးနှင့် ချစ်ခင်ရင်းနှီးစွာတွေ့ဆုံ၍ ၎င်းတို့၏ ခံစားချက်များအားသိရှိပြီး လိုအပ်သော စောင့်ရှောက်မှု များ ပေးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။ ထို့နောက် ကလေးများအတွက် စားစရာနှင့် စောင်၊ ခေါင်းအုံးများ ပေးအပ်ခဲ့ပါသည်။
၂။ အဆိုပါစခန်းရှိ ကလေးငယ်များအား ကလေး/သူငယ် ဥပဒေနှင့်အညီ ကျား/မအလိုက်ခွဲ၍ အသက်(၁၆)နှစ်အောက် ကလေးများအား လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ သင်တန်းကျောင်းများသို့ ပို့အပ်၍ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ဘဝတွက်တာ ကျွမ်းကျင်စရာသင်တန်းများ၊ ကျောင်းပြင်ပပညာရေး၊ ယဉ်ကျေးလိမ္မာသင်တန်းများနှင့် အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ မိသားစုများ ဆက်လက်စုံစမ်း၍ မိဘရပ်ထံ ပြန်လည်အပ်နှံပေးခြင်း၊ အသက်(၁၆)နှစ်အထက် ကလေးများအား မှော်ဘီ မြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာတွင် ဖွင့်လှစ်ထားသည့် လူမှုစောင့်ရှောက်ရေးစခန်းသို့ ပို့အပ်၍ စောင့်ရှောက်မှုများ ပေးအပ်လျှက်ရှိပါသည်။
၃။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်ရှိ အိမ်တွင်းမှုသက်မွေး ပညာသင်ကျောင်းသို့ ရောက်ရှိပြီး အမျိုးသား/အမျိုးသမီးများ အထူးသဖြင့် အမျိုးသမီးငယ်ရွယ်များ အိမ်တွင်းမှု ပညာရပ်များ တတ်မြောက်စေရန်၊ မိသားစုဝင်ငွေကို တဖက်တလမ်းမှ ရှာဖွေနိုင်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်ဖြစ်သည့် စက်ချုပ်သင်တန်းများ၊ မြန်မာ့အစားအစာနှင့် နိုင်ငံခြားအစားအစာ ပြုလုပ်နည်း သင်တန်းများ၊ ဇာထိုးပန်းထိုး၊ ပန်းအလှပြင်နှင့် သစ်သီးအလှပြင်သင်တန်းများ ဖွင့်လှစ်ထားရှိမှုများအား လှည့်လည်ကြည့်ရှု့ပြီး သင်တန်းသား/ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျွင်လုပ်သားများ ဖြစ်လာပြီး မိမိကိုယ်တိုင် ရပ်တည်နေထိုင်နိုင်စေရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
၄။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့နှင့်တွေ့ဆုံ၍ ရန်ကုန်မြို့ရှိ လမ်းပေါ်နေကလေးများ၊ တောင်းရမ်းစားသောက်သူများ၊ ခိုကိုးရာမဲ့များ၊ စောင့်ရှောက်သူမဲ့ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်း သူများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ရာ ၎င်းတို့အတွက် မှန်ကန်သော လူမှုဘဝမြှင့်တင်နိုင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးအစီအစဉ်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်း လူမှုပြန်လည်ထူထောင်ရေး နယ်မြေကြီးတစ်ခု ပေါ်ပေါက်လာစေရေး၊ ရေရှည်စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။