ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး သံအမတ်ကြီး H.E.Mr.PisahuSuvanajataမှ လာရောက်တွေ့ဆုံခြင်းနှင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစု ပညာသင် ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနား
နေပြည်တော်၊ ဇူလိုင် (၆) -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇူလိုင်လ၆ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E.Mr.PisahuSuvanajataဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ လူကုန်ကူးမှုတိုက်ဖျက်ရေး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံပူးပေါင်း ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးစင်တာအား ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များ၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ ပြည်သူကျန်းမာရေးဝန်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာရေးထိုး၍ ပူးပေါင်း ဆောင်ရွက်နိုင်ရေးကိစ္စများ၊ KhonKaenတက္ကသိုလ်နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဒီပလိုမာ ဘွဲ့သင်တန်းများ ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လျက်ရှိသည့် ထိုင်းနိုင်ငံမှ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် Public Private Partnershipလမ်းစဉ်များရှာဖွေနိုင်ရေး ကိစ္စရပ်များနှင့် ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာ နေထိုင်သူများအား ပြန်လည် လက်ခံရေးနှင့် ရေရှည်ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ နံနက်(၁၀း၀၀)နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်မှ ဖွင့်လှစ်သောသင်တန်းများတွင် သင်တန်းထူးချွန်ဆုရရှိသူများ ၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏ သားသမီးများနှင့် ဝန်ထမ်းမိသားစု ပညာသင်ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပါသည်။
ပြည်ထောင်စုဝန်ကြီးက အခမ်းအနားအဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာနသည် မိသားစုတစ်ခုသဖွယ်ဖြစ်သဖြင့် သားသမီးထူးချွန်ပါက မိဘက ဂုဏ်ပြုချီးမြှင့်ရမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့သစ် အနေဖြင့် မူဝါဒပိုင်းပြောင်းလဲဆောင်ရွက်ရာတွင် လူငယ်မူဝါဒပေါ်ထွန်းရေးနှင့် ပညာရေးမူဝါဒပြောင်းလဲရန် ဆောင်ရွက်နေကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ မွေးဖွားသည်မှ သေဆုံးသည်အထိ ပညာသင်ယူနေရမည် ဖြစ်ကြောင်း၊ ပညာရေးတွင် မတတ်နိုင်သူများကို တတ်နိုင်သူများက ကူညီသည့် မျှဝေခြင်းအစီအစဉ်ကို ဆောင်ရွက်နေကြောင်း၊ မိဘများအနေဖြင့်လည်း သားသမီးများကိုချုပ်ချယ်၍ အလွတ်ကျက်စနစ် အားမပေးဘဲ လွတ်လပ်စွာတွေးခေါ်၍ အမှား/အမှန် ဝေဖန်ဆန်းစစ်လေ့လာနိုင်သည့် အလေ့အထပျိုးထောင်ပေးရန်နှင့် လမ်းမှန်ကိုညွှန်ပြပေးရန် တာဝန်ရှိကြောင်းနှင့် ယနေ့ပညာသင်ဆုချီးမြှင့်သည့်အစဉ်အလာကို ဆက်လက် ထိန်းသိမ်းသွားရန်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အရာထမ်းလောင်းအခြေခံ သင်တန်းနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြှင့်သင်တန်းတို့တွင် ဆုရရှိသူ(၃)ဦး၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့်(၅) ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၁)ဦးနှင့် အခြားဂုဏ်ထူးရ ကျောင်းသား(၆)ဦးတို့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်းကောင်း ၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲအောင်မြင်သူ (၂၇) ဦးအတွက် ဆုများကို အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်ကလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ဝန်ကြီးဌာနမိသားစုများအတွက် ပညာသင်ထောက်ပံ့ကြေးများကို အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် (ဝန်ထမ်းပေါင်းစုံသမဝါမအသင်းလီမိတက် ဥက္ကဌ) တို့က အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။
ယနေ့အခမ်းအနားတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်သင်တန်းကို ထူးချွန်စွာအောင်မြင်သူ (၃) ဦးအတွက် (၅၀၀၀ဝိ) ၊ တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့်အောင်မြင်သူများအတွက် (၅၀၀,၀၀ဝိ)၊ ရိုးရိုးအောင်မြင်သူများ အတွက်(၅၄၀,၀၀ဝိ)နှင့် ဝန်ထမ်းသားသမီးများအတွက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ပညာသင်ထောက်ပံ့ငွေ (၁၃,၇၃၄,၀၀ဝိ) ဖြင့် စုစုပေါင်းချီးမြှင့်ငွေ (၁၄,၈၂၄,၀၀ဝိ) ပေးအပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဆုရှိကြသော ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။