လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား NewZealand နိုင်ငံအခြေစိုက် Moveahead Software အဖွဲ့အစည်း နှင့် Brighter Future Foundation အဖွဲ့အစည်းများမှ သီးခြားစီ လာရောက်တွေ့ဆုံခြင်း
နေပြည်တော်၊ ဇူလိုင်လ (၂၂) -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇူလိုင်လ ၂၂ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား NewZealand နိုင်ငံအခြေစိုက် Moveahead Software အဖွဲ့အစည်း မှ Director ဖြစ်သူ Mr.Trevor ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ဖွံ့ဖြိုးမှုနှောင့်နှေးသော ကလေးငယ်များ၊ Down’s Syndrome အော်တစ်ဇင်ရောဂါ ခံစားနေရသော ကလေးငယ်များအတွက် ဘာသာစကားသင်ယူခြင်း၊ ပညာသင်ယူခြင်းများ လွယ်ကူစေရန် နည်းပညာSoftwareအား မြန်မာဘာသာဖြင့် ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ အဆိုပါ Software အား အထူးလိုအပ်ချက်ရှိသော ကလေးငယ်များနှင့် ၎င်းတို့ကို သင်ကြားပေးနေသော ဆရာ/ဆရာမများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး၊ ကလေးမိဘများအနေဖြင့် ဖွံ့ဖြိုးမှုနှောင့်နှေးသော ကလေးငယ်များအား ပြုစုစောင့်ရှောက်ရာတွင် အသုံးပြုနိုင်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အလားတူ မွန်းလွဲ(၁၂း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား Brighter Future Foundation အဖွဲ့အစည်းမှ Managing Director ဖြစ်သူ ဦးဇွဲနန္ဒဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ အရေးပေါ်ကာလသုံး ဆက်သွယ်ရေးစက်များ၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် အသုံးပြုနိုင်မည့်ပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများအား အသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ဥရောပသမဂ္ဂမှ ဖွင့်လှစ်သည့် အခပေးသင်တန်းနှင့် အခမဲ့သင်တန်းများ၊ Brighter Future Foundation အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံတွင် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဥပဒေအရ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။