၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို နံနက် (၀၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်မှ အဖွင့်မှာစကားပြောကြားရာတွင် အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ် အမျိုးသမီးကော်မတီဦးဆောင်မှုနဲ့ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနေဖြင့် ကျိုင်းတုံအမျိုးသမီးသက်မွေးပညာသင်တန်းကျောင်းမှ နွေရာသီကျောင်းပိတ်ရက်တွင် အခြေခံမြန်မာသိုင်း၊ မြန်မာမုန့်လုပ်နည်းသင်တန်း၊ အခြေခံထိုင်းဘာသာစကားသင်တန်း၊ ပန်းစက္ကူလုပ်ငန်းသင်တန်းနှင့် အာခါထည်ချည်ထိုးလုပ်ငန်း စုစုပေါင်းသင်တန်း (၅)ကြိမ်ကို သင်တန်းသူ(၁၇၄)ဦးတို့အား ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံအိမ်တွင်းမှုကျောင်းတွင် ဖွင့်လှစ်ထားရှိသော ရပ်ရွာအခြေပြု စက်ချုပ်သင်တန်းနှင့် ကျောင်းအခြေပြု စက်ချုပ်သင်တန်းတို့မှ သင်တန်းသူ(၂၃၅)ဦးအား အသက်မွေးဝမ်ကျောင်းပညာများ သင်ကြားပေးနိုင်ခဲ့ကြောင်း၊ အခြေခံမူကြို ဆရာမသင်တန်း (၁၁)ကြိမ်တွင် သင်တန်းသား/သူ(၃၃၀)ဦး တက်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိနေပြီဖြစ်ကြောင်း၊ ကျား၊မ တန်းတူညီမျှတဲ့ အနာဂတ်ကိုဖော်ဆောင်ရာမှာ အမျိုးသမီးများနှင့်မိန်းကလေးငယ်များသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရပါက အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးနိုင်သည့် (One Stop Women Support Center-OSWSC) အား လားရှိုးမြို့၊ တောင်ကြီးမြို့တို့တွင့် ဖွင့်လှစ်ထားပြီး ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှု၊ ကျား၊မ အခြေပြုအကြမ်းဖက်မှုတို့အတွက် (၂၄)နာရီ Helpline ဝန်ဆောင်မှုဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး ပြည်သူလူထုလက်လှမ်းမီသိရှိနိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်လူမှုဝန်ထမ်းရုံးများမှာ Billboard စိုက်ထူပြီး အသိပညာပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ဦးမင်းမင်းလွင်မှ ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသမီးဖွင့်ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့လာသော မြန်မာအမျိုးသမီးများနေ့ Video Clip နှင့် အမျိုးသမီးရေးရာအဖွဲ့လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံမျာအား တင်ဆက်ပြသခဲ့ပါသည်။
ထို့နောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ဆောင်ပါးပြိုင်ပွဲ၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ ထုပ်စီးတိုးပြိုင်ပွဲတို့တွင် ဆုရရှိသူများနှင့် ထူးချွန်အမျိုးသမီးတို့အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသားရိုးရာအကဖြင့် တင်ဆက်ပြသမှုအားကြည့်ရှုပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား (၁၁:၄၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ အခမ်းအနားအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ရုံးမှအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း (၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

FacebookTwitter