အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေး (နောက်ဆုံးမူကြမ်း) ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးဆိုင်ရာ (နောက်ဆုံးမူကြမ်း) ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၄ ရက်နေ့၊ နေ့လယ် (၁၃ : ၀၀) နာရီတွင် ကျင်းပခဲ့ပြီး အစီရင်ခံစာရေးသားရေးအဖွဲ့တွင်ပါဝင်သည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ် (၃၇) ဦး တက်ရောက်ခဲ့ကြပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဆဋ္ဌမအကြိမ်မြောက်အစီရင်ခံစာသည် စတုတ္ထနှင့်ပဉ္စမအကြိမ်မြောက် ပူးတွဲအစီရင်ခံစာမှရရှိသည့် အကြံပြုချက် ၅၆ချက်နှင့် သီးခြားအစီရင်ခံစာတို့မှရရှိသည့် အကြံပြုသုံးသပ်ချက် (၆၄)ချက်အနက် မိမိတို့နိုင်ငံနှင့်သင့်လျော်သည့်အချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ တိုးတက်မှုများကို အစီရင်ခံစာတင်သွားမှာဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ဆဋ္ဌမအကြိမ်မြောက်(နောက်ဆုံးမူကြမ်း) အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ယခင်ကျင်းပခဲ့သည့်ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်ပြီး ယခုအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏မူဝါဒများနှင့်ကိုက်ညီမှုမရှိသည့်အတွက် အကြံပြုချက်များကိုချန်လှပ်ထားမည်ဖြစ်ကြောင်း၊ အစီရင်ခံစာတွင်ပါရှိမည့်အချက်အလက်များသည် ပြည့်ပြည့်စုံစုံဖြင့် ကျစ်ကျစ်လစ်လစ်ဖြစ်ရန်လိုအပ်ပါကြောင်း၊ လိုအပ်ချက်များကိုပြင်ဆင်ပြုစု၍ ပြည်ထောင်စုဝန်ကြီး၏ အတည်ပြုချက်ကိုရယူပြီးလျှင် ဝန်ကြီးဌာနအားလုံးသို့ နောက်ဆုံးမူကြမ်းကိုပြုစုဖြန့်ဝေသွားမည်ဖြစ်ပါကြောင်း၊ နောက်ဆုံးမူကြမ်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌထံ အတည်ပြုနိုင်ရေးတင်ပြပြီး လုပ်ထုံးလုပ်နည်းများအတိုင်း အဆင့်ဆင့်ဆောင်ရွက်၍ လုပ်ငန်းစဉ်များကို Timelineအရ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ CEDAW ရေးသားရေးအဖွဲ့ဝင်များအနေဖြင့် လိုအပ်သည်များ အကြံပြုပေးကြပါရန်နှင့် နောက်ဆုံးအစီရင်ခံစာကို အတည်ပြုနိုင်သည်အထိ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် ဆဋ္ဌမအကြိမ်မြောက် CEDAW (နောက်ဆုံးမူကြမ်း) အစီရင်ခံစာအပေါ် အစည်းအဝေး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးကြပြီး လိုအပ်သည့်အချက်အလက်များအား ပြန်လည်ပြင်ဆင်ဖြည့်စွက်ပေးခဲ့ကြပါသည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ညနေ (၁၅ : ၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။