(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပပြုလုပ်ခြင်း
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင်ကျရောက်သည့် “(၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့)” အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှ (၂၀.၁၁.၂၀၂၄)ရက်နေ့၊ (ဗုဒ္ဓဟူးနေ့) နေ့လည် (၁၃:၀၀) နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း(မလိခ) တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူများ၊ မရမ်းကုန်းခရိုင်နှင့် ကမာရွတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး၊ ဗဟန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးများ၊NGOs မှ တာဝန်ရှိသူများ၊ ဌာနငယ်/ သင်တန်းကျောင်းများမှ ကျောင်းသား/သူများ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ရင်သွေးငယ်လေးများ၊ အမှတ်(၅) မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များ စုစုပေါင်း (၃၀၀) ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့ကလေးများနေ့ (World Children’s Day ) Video Clip ပြသခဲ့ပါသည်။ ထို့နောက် အမှတ်(၅)မူလတန်းကြိုကျောင်းမှ သမီးငယ်လေး၏ “သဘင်သည်မလေး နှင်းဆီ” တပင်တိုင်အကဖြင့်လည်းကောင်း၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ “သွေးချင်း တို့ရဲ့မြေ” သီချင်းဖြင့် လည်းကောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (ထောက်ကြန့်) မှ “အလှကမ္ဘာမြေ” သီချင်းဖြင့်လည်းကောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း(မလိခ) မှ “ပြည်ထောင်စုသွေး” သီချင်းဖြင့်လည်းကောင်း၊ နန်းဦးလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ “ထာဝရသစ္စာ” သီချင်းဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
ထို့နောက် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများနှင့် ရင်သွေးငယ်လေးများအား (၁) ဖွဲ့လျှင် ကျပ် ၅၀,၀၀၀/- နှုန်းဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ (၁) ဖွဲ့လျှင် ကျပ် ၅၀,၀၀၀/- နှုန်းဖြင့် စုစုပေါင်း ၅၀၀,၀၀၀/- ကို လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။
ထို့နောက် “(၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့)” အခမ်းအနားကို နေ့လည် (၁၄:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။