ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေး တက်ရောက်

နေပြည်တော်၊ ၂၉.၃.၂၀၁၉
    မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင်နေပြည်တော်၊ လယ်ဝေးမြို့၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး၊ သီရိရတနာခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး  တက်ရောက်အမှာစကား ပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ၏ ဘဝလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်က ရည်ရွယ်ချက်ထားရှိ၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေမှုသည် အမျိုးသမီးများ၏အရေးကို အစိုးရက အလေးထားဆောင်ရွက်နေမှု များနှင့် ထပ်တူကျပါကြောင်း၊ အစိုးရအနေဖြင့် အမျိုးသမီးထုတစ်ရပ်လုံး အခွင့်အရေးများ ရရှိရေး၊ လုံခြုံစိတ်ချစွာနေထိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမျိုးသမီးများ တန်းတူညီ မျှခံစားရရှိရေး၊ အမျိုးသမီးများ၏ ပါဝင်ခွင့်ပိုမိုရရှိရေးတို့ကို မူဝါဒများ၊ ဥပဒေများ၊ မဟာဗျူဟာ များ၊ လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအရေး ကိုဆောင်ရွက်ရာတွင်အစိုးရဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ အပြင် အရပ်ဖက် အဖွဲ့အစည်းများ၏ ပါဝင်ဆောင်ရွက်မှုသည် အရေးကြီးသဖြင့် အမျိုးသမီးထုအတွက် အပြောင်းအလဲကိုဖော်ဆောင်ရန်နှင့် အားလုံးစုပေါင်းဆောင်ရွက်၍  အောင်မြင်မှုပိုမို ရရှိနိုင်ရန် ရည်ရွယ်လျက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ အမည်သစ်ဖြင့် အစိုးရ ဦးဆောင်သော ယန္တရား တစ်ရပ်ကို ၂၀၁၈ ခုနှစ် ဇွန်လ(၂၀)ရက်နေ့တွင် ပြန်လည်ဖွဲ့စည်း ခဲ့ပါကြောင်း၊ ထိုမြန်မာ နိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီတွင် ဌာနဆိုင်ရာများ၊ အစိုးရ မဟုတ်သော အမျိုးသမီး အဖွဲ့အစည်းများ ဖြစ်သော မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင် များအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ကျားမတန်းတူညီမျှရေး ကွန်ယက်နှင့် အမျိုးသမီး အဖွဲ့အစည်းများကွန်ယက်တို့ ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေး (၃) ကြိမ်ပြီး မြောက်ခဲ့ရာ ပြည်ထောင်စု၏ သဘောတူညီချက် (၅၁)ချက် ပေါ်ထွက် အတည်ပြုခဲ့ရာတွင် အမျိုးသမီးများအတွက် ကျားမတန်းတူညီမျှရေး၊ အမျိုးသမီး များကို ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးပါဝင်မှု ၃၀% ရရှိရေးစသည့်အချက်များ ပါဝင်ခဲ့ရာ နိုင်ငံတော်က အမျိုးသမီးများ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် အနေဖြင့် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊မြို့နယ်အထိ အဖွဲ့များဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊  အစိုးရက ဖွဲ့စည်းထားသော ပြည်ထောင်စု နယ်မြေ နေပြည်တော်ကောင်စီ၊ ပြည်နယ်၊ တိုင်းဒေသကြီး များရှိ အမျိုးသမီးကော်မတီများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အမျိုးသမီး ကော်မတီသည် အမျိုးသမီးထုအတွက် ဆောင်ရွက်နေသော အမျိုးသမီး အဖွဲ့များအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသာမက အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်ရာတွင် ညီညွှတ်စွာ ပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အစိုးရအနေဖြင့် ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံထူထောင်ရန် ဦးတည်ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးရှိ အမျိုးသမီးထု တစ်ရပ်လုံး သာတူညီမျှ ခံစားရရှိစေရန် အမျိုးသမီးထု၏ ပါဝင်မှုအင်အားကို ရယူဆောင်ရွက် နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
 ထို့နောက် စုပေါင်းမှတ်တမ်းတင်ရိုက်ကူးပြီး ပြသထားသော ဓာတ်ပုံမှတ်တမ်းများကို လိုက်လံကြည့်ရှု့ပါသည်။ နှစ်ပတ်လည်အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယကများ၊ နာယကများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ကောင်စီနှင့် ပြည်နယ်၊ တိုင်းဒေသကြီး  အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် အမျိုးသမီးအဖွဲ့အစည်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နှစ်ပတ်လည် အစည်းအဝေးတွင် အမျိုးသမီးရေးရာအဖွဲ့များက ၎င်းတို့၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှုများကို(၂)ရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter