တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများအား Gender CEDAW NSPAW ဆိုင်ရာအသိပေးဆွေးနွေးပွဲ အခမ်းအနား (ထားဝယ်မြို့)
တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများအား Gender CEDAW NSPAW ဆိုင်ရာအသိပေးဆွေးနွေးပွဲကို မတ်လ (၁၄) ရက်နေ့၊ မွန်းလွဲ (၁:၀၀) နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းမှာပါရှိသည့် လုပ်ငန်းနယ်ပယ်(၁၂)ရပ်တွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များအတွက် အမှန်တကယ်လိုအပ်မှုရှိသည့် ဦးစားပေးနယ်ပယ်များဖြစ်ကြောင်း၊ မဟာဗျူဟာစီမံကိန်းကို လုပ်ငန်းဧရိယာအလိုက်သက်ဆိုင်ရာ အစိုးရဌာန/အဖွဲ့အစည်းများက ဦးဆောင်ပြီးရေးဆွဲခဲ့ရာတွင် ယခုအခါနောက်ဆုံးမူကြမ်းထွက်ရှိပြီဖြစ်ကြောင်း၊ မဟာဗျူဟာစီမံကိန်း (နောက်ဆုံးမူကြမ်း)တွင် တိုင်းရင်းသားအခွင့်အရေးများ၊ မသန်စွမ်းသူများ၏အခွင့်အရေးများကို ထည့်သွင်းရေးဆွဲထားရှိပါကြောင်း၊ မဟာဗျူဟာစီမံကိန်း ပေါ်ထွက်လာခြင်းအားဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို ယခုထက်ပိုမို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဆဋ္ဌမအကြိမ်မြောက် အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏ အစီရင်ခံစာ (နောက်ဆုံးမူကြမ်း)နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၂) (နောက်ဆုံးမူကြမ်း)တို့အပေါ် မိမိတို့၏အမြင်များအား ပွင့်လင်းစွာမျှဝေပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးမှ အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏အစီရင်ခံစာ(နောက်ဆုံးမူကြမ်း)၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၂) (နောက်ဆုံးမူကြမ်း) ရေးဆွဲထားရှိမှုအား ရှင်းလင်းတင်ပြရာ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အမျိုးသမီးအဖွဲ့အစည်းများက အကြံပြုဆွေးနွေးခဲ့ကြပါသည်။