လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီးရှိ ဘေးသင့်ပြည်သူများသို့ သွားရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ ၂၀၁၆ခုနှစ်၊အောက်တိုဘာလ ၂၅ ရက် -
၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်ရှိ ရွှေတုံးချောင်း ရေတိုက်စားမှုကြောင့် နေအိမ်မျှောပါ ပျက်စီးခဲ့ရသည့် မိသားစု(၄)စုကို လူမှုှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး လတ်တလော အသုံးပြုရန်အတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေတို့ကို ပေးအပ်ခဲ့ပါသည်။
၂။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ၁၅-၁၀-၂၀၁၆ ရက်နေ့ ချင်းတွင်းမြစ်ကြောင်းအတွင်း ဟုမ္မလင်း-မုံရွာ ခရီးသည် တင်အမြန်ရေယာဉ် နစ်မြှုပ်ဖြစ်စဉ်နှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။ထို့နောက် သေဆုံးသူများ၏ မိသားစုဝင်များထံသို့ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ယခုဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲများနှင့်အတူ မိမိတို့အနေဖြင့် မိသားစုဝင်များနည်းတူ ထပ်တူထပ်မျှ ဝမ်းနည်းပူဆွေး ဖြစ်ရပါကြောင်း၊ နောင်တွင် အလားတူဖြစ်စဉ်များ မဖြစ်ပွားနိုင်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြမည် ဖြစ်ပါကြောင်း၊ ယခုလိုဖြစ်စဉ်မျိုးလျော့ နည်းရေးအတွက် တရားဥပဒေ လိုက်နာလေးစားမှုနှင့်အတူ ခေတ်ကာလနှင့်လျော်ညီသော ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြဌာန်း၍ အများပြည်သူသိရှိလိုက်နာနိုင်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် ပြည်သူ့ဘ၀ လုံခြုံအေးချမ်းရေးအတွက် ပိုမိုကောင်းမွန်သော အစီအစဉ်များကို ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားကာ သေဆုံးသူများ၏ မိသားစုဝင်များထံသို့ ထောက်ပံ့ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ကြပါသည်။
၃။ ထိုသို့ထောက်ပံ့အလှူငွေ ပေးအပ်ရာတွင် သေဆုံးသူတစ်ဦးလျှင် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲှမှုကော်မတီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ (၅)သိန်းကျပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ (၃)သိန်းကျပ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ (၃)သိန်း၊ အေးငြိမ်းချမ်းသာရေယာဉ်အသင်းမှ (၄)သိန်းကျပ်၊ ဦးအောင်မြတ် (Mother Trading & Construction Co.,ltd)မှ (၂)သိန်းကျပ်ထောက်ပံ့ခဲ့ရာတစ်ဦးလျှင် (၁၇)သိန်းကျပ်ဖြစ်၍ ယနေ့အထိ အလှူငွေ လက်ခံရရှိမှုအနေဖြင့် ကမ္ဘောဇ အနာဂတ်အလင်းတန်း ဖောင်ဒေးရှင်းမှ (၁၀၁၀)သိန်း၊ ဦးတင်ထွန်းအောင် (ပြည်သူ့လွတ်တော်ကိုယ်စားလှယ်)နှင့်အဖွဲ့မှ (၁၄၀)သိန်း၊ ဦးဖိုးချစ်မှ (၅၀)သိန်း၊ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ(မုံရွာ)မှ ၅၀သိန်း၊ တင်ဝင်းထွန်းကုမ္မဏီမှ (၁၅)သိန်း၊ ဟုမ္မလင်းရေလုပ်ငန်းရှင်များအသင်းမှ (၁၇)သိန်း(၃)သောင်း ၊ အိုင်ဂျီတီကုမ္မဏီမှ (၁၀)သိန်း၊ ကိုလင်းလင်း + မချစ်သုဝေနှင့်အဖွဲ့မှ (၃၀)သိန်း၊ ဝင်းပပထွန်း ရွှေပန်းထိမ် လုပ်ငန်းမှ (၁၀)သိန်း ဖြစ်ပြီး စုစုပေါင်း (၂၁၈၂)သိန်းသုံးသောင်း ဖြစ်ကြောင်း သိရှိရပါသည်။