အထူးစောင့်ရှောက်မှုလိုအပ်သော ကလေးများကို Computer Software များဖြင့် လေ့ကျင့်မှုပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား နယူးဇီလန်နိုင်ငံ Dr.Trevor Geddes အဖွဲ့က လာရောက်ဆွေးနွေး
နေပြည်တော်၊ ၁၈.၁၀.၂၀၁၈
မသန်စွမ်းကလေးငယ်များ အသုံးပြုနိုင်ရေးအတွက် Moveahead Software နှင့်ပတ်သက်၍ နယူးဇီလန်နိုင်ငံ Dr.Trevor Geddes အဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး မေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား လာရောက်တွေ့ ဆုံ ခဲ့ပါသည်။
တွေ့ဆုံရာတွင် မသန်စွမ်းကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနက ဆောင်ရွက်နေမှုများ၊ မသန်စွမ်းကလေးသူငယ်များ အမြင့်မားဆုံး ဖွံ့ဖြိုးမှုရရှိရေး၊ လူတိုင်း အကျုံးဝင် ပညာသင်ကြားခွင့် ရရှိရေးဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်းကလေးသူငယ်များသည် အခြားကလေးသူငယ်များကဲ့သို့ အမြင့်မားဆုံး ဖွံ့ဖြိုးမှုရရှိရေးအတွက် အရေးကြီးသော ဆောလျင်စွာ ဆန်းစစ်သက်မှတ်ခြင်းနှင့် ဖြေရှင်းဆောင်ရွက်ပေးသည့်အစီအစဉ်များ (Early Childhood Intervention) ဆောင်ရွက်ရန် ကြိုးပမ်းနေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အထူးလိုအပ်ချက်ရှိသည့် ကလေးသူငယ်များအတွက် ဘာသာစကားသင်ယူခြင်းတွင် ၎င်းတို့၏ မိဘများနှင့် ကလေးပြုစုရေးဌာနက ဆရာ၊ဆရာမ များအား Computer Software များဖြင့် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာအသုံးပြု၍ ကလေးသူငယ်များအား လေ့ကျင့်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။