ပြည်ထောင်စုနယ်မြေအတွင်းရှိလူငယ်များနှင့်လူငယ်ရေးရာမူဝါဒဆိုင်ရာဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ ၂၁.၃.၂၀၁၉
လူငယ်ရေးရာမူဝါဒနှင့်ပတ်သက်၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ လူငယ်များနှင့်တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာမူဝါဒကို နိုင်ငံတော်အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်တွင် ထည့်သွင်းဆောင်ရွက်ခဲ့ပြီးလူငယ်ထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများမှ လူငယ်များ၊ ရပ်ရွာအတွင်းရှိ လူငယ်များအားလုံးပါဝင် စေလိုကြောင်း၊ လူငယ်များ၏အခွင့်အရေးမြှင့်တင်ပေးရန် ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ပေးရန် အစိုးရတွင်တာဝန်ရှိသည့်အတွက် မိမိတို့အစိုးရလက်ထက်တွင် လူငယ်မူဝါဒ ပေါ်ပေါက်ရန် အားထုတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ထောင်ရန် ဦးတည်ဆောင်ရွက်သည့်အချိန်တွင် လူငယ်ရေးရာမူဝါဒကို အခြေခံကာ တစ်နိုင်ငံလုံးရှိ လူငယ်များ အားလုံး သာတူညီမျှ ခံစားရရှိနိုင်ရေးအရေးကြီးပါကြောင်း၊ လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ရန်မဟာဗျူဟာစီမံချက်ရေးဆွဲနေပြီး လုပ်ငန်းစဉ်များချမှတ်ကာ ဆက်လက်အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း၊ လူငယ်များရသင့်ရထိုက်သောအခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အပြည့်အဝရရှိစေရန်လူငယ်များအပါအဝင် မိသားစုဝင်များ၊ အစိုးရဌာန ဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးပါဝင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိလူငယ်များ သာတူညီမျှခံစာရရှိနိုင်ရေးအတွက် လူငယ်ရေးရာမူဝါဒတွင် ပါဝင်သော ကဏ္ဍ (၁၆)ရပ်မှ ဦးစားပေးဆောင်ရွက်သင့်သောအလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ လူငယ် နှင့် ငြိမ်းချမ်းရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် အားကစားကဏ္ဍများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ ယနေ့လူငယ်များနှင့်တွေ့ဆုံဆွေးနွေးခြင်းမှာ လူငယ်များကို အလေးထားခြင်းဖြစ်၍ လူငယ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ လူကြီးများ၏ အမှားများကို လူငယ်များက သင်ခန်းစာယူပြီး အတွေးသစ်အမြင်သစ်များဖြင့် စိန်ခေါ်မှု အဟန့်အတား အခက်အခဲများကို ကျော်လွှာနိုင်ရန် ဆောင်ရွက်ကြစေလိုကြောင်းပြောကြားပါသည်။
ဆက်လက်၍တက်ရောက်လာသော လူငယ်များကလူငယ်ရေးရာမူဝါဒကို လူငယ်ထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်ဆောင်ရွက်ရေး၊ ဌာနဆိုင်ရာများပူးပေါင်းပါဝင်ရေး၊ လူငယ်များ အတွက် လူငယ်စင်တာများဆောက်လုပ်ပေးရေး၊ Online Social Media များမှတဆင့် အသိပညာပေးရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအသိပညာပေးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်၍ အသိပညာပေးမှုများထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ လူငယ်ရေးရာ မူဝါဒနှင့် ပတ်သက်၍ လူကြီးများ၏ အတွေ့အကြုံနှင့်အကြံပြုချက်များကို ပိုမိုအသုံးချဆောင်ရွက်နိုင်ရေး၊ ကျောင်းပြင်ပ ပညာရေးနှင့် ပတ်သက်၍ ပါဝင်ဆောင်ရွက်နိုင်ရေး၊ လူငယ်ရေးရာကော်မတီများကို မြို့နယ်အဆင့်ထိဆက်လက်ဖွဲ့စည်းနိုင်ရေးစသည့်အချက်များကို ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြာေးရးမှူးချုပ်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီနယ်မြေ လူငယ်ရေးရာကော်မတီဝင်လူငယ်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ လူငယ်များ၊ ဝန်ကြီးဌာနလက်အောက်ရှိဦးစီးဌာနများမှ လူငယ်ကိုယ်စားလှယ် စုစုပေါင်း (၂၂၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။