ရခိုင်ပြည်နယ်တွင် လက်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေရသော မိသားစုများအား စနစ်ကျပြီး လက်ဝယ်အရောက် ထောက်ပံ့နိုင်ရေး ညှိနှိုင်းဆွေးနွေး
မတ်လ ၂၁၊ စစ်တွေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ အစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်တွင် လက်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေရသောမိသားစုများအား စနစ်ကျပြီး လက်ဝယ်အရောက် ထောက်ပံ့နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စု ဝန်ကြီးက အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်နေသည်မှာ အားလုံးအသိဖြစ်ကြောင်း၊ တည်ငြိမ်းအေးချမ်း မှုရရှိအောင် တရားဥပဒေစိုးမိုးရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းမှုသည် အရေးကြီးကြောင်း၊ ထို့ကြောင့် တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးရရှိအောင် မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင် တိုက်ပွဲများသည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်နေကြောင်း၊ ရေရှည်တည်တန့်ခိုင်မြဲသော အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေး နှင့် ဒေသခံ ပြည်သူများအရေးကို အလေးထားကြောင်း၊ ပြည်သူများ၏ ဒုက္ခကို မိမိတို့၏ ဒုက္ခဟု သဘောထား ဆောင်ရွက်နေပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ဘေးဒုက္ခခံစားနေရသော ပြည်သူများကို ကူညီထောက်ပံ့ရန် နှင့် မူလ အခြေအနေထက် ပိုမို ကောင်းမွန်းသော အခြေအနေခံစားရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲများကြောင်း နေရပ်စွန့်ခွာရသော ဒေသခံများကို စတင်ဖြစ်ပွားစဉ်ကပင် ချက်ချင်းထောက်ပံ့မှု ပြုခဲ့ကြောင်း၊၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် AA သောင်းကျန်းသူအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော် မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့မှ ဒေသခံပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်လျက်ရှိရာ အဆိုပါ တိုက်ပွဲရှောင်များအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နှင့်ပူးပေါင်း၍ ဆန်ရိက္ခာဖိုး၊ကယ်ဆယ်ရေးပစ္စည်းနှင့် သေဆုံး/ဒဏ်ရာရ ထောက်ပံ့ကြေး ငွေများထောက်ပံ့ ခြင်းဖြင့်လည်းကောင်း၊ WFP/RCM တို့အား အစားအသောက်နှင့် သန့်ရှင်းရေးပစ္စည်းများကို ထောက်ပံ့ စေခြင်းဖြင့်လည်းကောင်း လူသားချင်း စာနာမှုအကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် တိုက်ပွဲရှောင်များစတင်ရောက်ရှိခဲ့သည့် (၈-၁၂-၂၀၁၈)ရက်နေ့မှ (၁၈-၃-၂၀၁၉)ရက်နေ့အထိ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ဘူးသီးတောင် မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်များရှိ ယာယီခိုလှုံရာစခန်း (၄၇)ခုတွင် တိုက်ပွဲရှောင်အိမ်ထောင်စု(၂၄၈၄)စု၊ လူဦးရေ(၁၀၆၉၄)ဦးအတွက် ဆန်ရိက္ခာဖိုး၊ ကယ်ဆယ်ရေးပစ္စည်း (ကျားလုံချည်၊ မလုံချည်၊ တီရှပ်၊ တဘက်၊ ပလတ်စတစ်ဖျာ၊ စောင်) နှင့် သေဆုံး/ဒဏ်ရာရ ထောက်ပံ့ကြေးများ ပံ့ပိုးလျက်ရှိရာ ငွေစုစုပေါင်း (၁၇၉,၆၄၀,၅၇ဝိ/-) ထောက်ပံ့ ပြီးစီးခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍ တိုက်ပွဲရှောင်ရောက်ရှိမှု အခြေအနေအား သတင်းစုံစမ်း၍ အချိန်နှင့်တစ်ပြေးညီထောက်ပံ့နိုင်ရေးကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်ရှိတိုက်ပွဲရှောင် စခန်းများတွင် (၂၀-၃-၂၀၁၉)နေ့ စာရင်းများအရ ယာယီနေထိုင်လျက် ရှိသောတိုက်ပွဲရှောင်အိမ်ထောင်စု (၂၆၅၅)စု၊ လူဦးရေ(၁၁၃၆၃)ဦးအား ဆန်ရိက္ခာဖိုး ဖြစ်စေ၊ ဆန်ဖြစ်စေ လက်ဝယ်အရောက် စနစ်တကျထောက်ပံ့ပေးသွားရန် ဆွေးနွေးလိုသောကြောင့် လာရောက်ခြင်း ဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် တိုက်ပွဲရှောင် ပြည်သူများ မှန်ကန်ပြည့်ဝစွာ ထောက်ပံ့ကူညီမှုများ ရရှိစေရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပြင် ဆက်နွယ်ပတ်သက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ဖြင့် လိုအပ်သလိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊
ကြက်ခြေနီလှုပ်ရှားမှု အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်ပါဝင် ဆောင်ရွက်ရန်လိုအပ်ပါက ပူပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောကြားရာတွင် ပဋိပက္ခဖြစ်စဉ်များသည် ဒေသခံများအတွက် အစိုးရ၏ကြိုးပမ်းဆောင်ရွက်မှုများကို အဟန့်အတားဖြစ်စေပြီး အစိုးရ၏ ပုံရိပ်ကို ကျဆင်းစေကြောင်း၊ တိုက်ပွဲများ ဖော်ဆောင်မှုများကြောင့် တိုက်ပွဲရှောင် ဒေသခံများ ဒုက္ခများစွား ကြုံတွေ့ရကြောင်း၊ ဒေသခံများ ခိုလှုံနေရသော တိုက်ပွဲရှောင်စခန်များသို့ စနစ်တကျ ထောက်ပံ့ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ထားရှိကြောင်း နှင့် ပိုမိုထိရောက်စေရန် အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး လိုအပ်သော အချိန်ကာလ တစ်ခုအထိ စီမံချက်ရေးဆွဲ ဆောင်ရွက်ရန်၊ တိုက်ပွဲရှောင်စခန်းများတွင် အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် အစိုးရက ထောက်ပံ့နေမှုများကို ဆက်လက်ထောက်ပံ့နိုင်ရေး၊ လိုအပ်သော ဆေးဝါးမျာလုံလောက်စွာ ရရှိစေရေး၊ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး၊ သန့်ရှင်းသော သုံးရေ သောက်ရေ ရရှိရေး၊ အိမ်ထောင်စုသုံး ပစ္စည်းများ ဖြစ်သော စောင်၊ခြင်ထောင်၊ အနွေးထည် လုံလောက်စွာ ရရှိစေရေး စသည်တို့ကို တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့က ညှိနှိုင်းပေးခဲ့ကြပါသည်။
ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီး နှင့် အဖွဲ့ က အိမ်ထောင်စု (၂၆၅၅)၊ လူဦးရေ (၁၁၃၆၃) ဦးအတွက် ငွေကျပ်သန်းပေါင်း (၁၀၂.၂၆၇) ကျပ် ထောက်ပံ့းပေးအပ်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က လက်ခံခဲ့ပါသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် လုံခြံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် နှင့် အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်လျက်ရှိသော WFP, ICRC, IFRC နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း တာဝန်ရှိသူများ နှင့် တိုက်ပွဲရှောင် ဒေသခံ ပြည်သူများအတွက် ထောက်ပံ့မှုများ စနစ်တကျ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။