ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုနယ်မြေအတွင်းရှိ လူငယ်များနှင့်ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များ လူငယ်ရေးရာမူဝါဒဆိုင်ရာ တွေ့ဆုံဆွေးနွေး
စစ်တွေ၊ ၂၂.၃.၂၀၁၉
လူငယ်ရေးရာမူဝါဒဆိုင်ရာနှင့်ပတ်သက်၍ ပြည်ထောင်စုနယ်မြေရှိ လူငယ်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ လည်းကောင်း ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသော လူငယ်ကိုယ်စားလှယ်များတက်ရောက်ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာမူဝါဒကို နိုင်ငံတော်အစိုးရသစ် လက်ထက် ရက်(၁၀၀)စီမံချက်တွင် ထည့်သွင်းဆောင်ရွက်ခဲ့ပြီး လူငယ်ထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများမှ လူငယ်များအပါအဝင် လူငယ်များ အားလုံးသိရှိစေရန် လိုအပ်ကြောင်း၊ လူငယ်များ၏အခွင့်အရေးမြှင့်တင်ပေးရန် နှင့်ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ပေးရန် အစိုးရတွင် တာဝန်ရှိသည့်အတွက် မိမိတို့အစိုးရလက်ထက်တွင် လူငယ်မူဝါဒ ပေါ်ပေါက်ရန် အားထုတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တည်ထောင်ရန် ဦးတည် ဆောင်ရွက်သည့် အချိန်တွင် လူငယ်ရေးရာမူဝါဒကို အခြေခံကာ တစ်နိုင်ငံလုံးရှိ လူငယ်များအားလုံး သာတူညီမျှ ခံစားရရှိနိုင်ရေး အရေးကြီးပါကြောင်း၊ လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ရန် မဟာဗျူဟာစီမံချက် ရေးဆွဲနေပြီး လုပ်ငန်းစဉ်များ ချမှတ်ကာ ဆက်လက်အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း၊ လူငယ်များရသင့်ရထိုက်သော အခွင့်အရေးများ နှင့် ဖွံ့ဖြိုး တိုးတက်မှုများ အပြည့်အဝရရှိစေရန် လူငယ်များ အပါအဝင် မိသားစုဝင်များ၊ အစိုးရ ဌာနဆိုင်ရာများ၊ လူမှု အဖွဲ့အစည်းများ နှင့် ပြည်သူများအားလုံး ပါဝင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ လူငယ်များ သာတူညီမျှခံစာရရှိနိုင်ရေး အတွက် လူငယ်ရေးရာမူဝါဒတွင် ပါဝင်သော ကဏ္ဍ (၁၆)ရပ်မှ ဦးစားပေးဆောင်ရွက်သင့်သော လူငယ် နှင့် အလုပ်အကိုင် အခွင့် အလမ်း၊ လူငယ် နှင့် ငြိမ်းချမ်းရေး၊ လူငယ် နှင့် မူးယစ်ဆေးဝါး၊ နှင့် လူငယ် နှင့် အားကစားကဏ္ဍ များတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ လူငယ်များနှင့် ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးခြင်းမှာ လူငယ်များကို ဦးစားပေး အလေးထားခြင်း ဖြစ်၍ လူငယ်များအနေဖြင့်လည်း အနာဂတ်မျိုးဆက်သစ်များအတွက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ လူကြီးများ၏အမှားများကို လူငယ်များက သင်ခန်းစာယူပြီး အတွေးသစ်အမြင်သစ်များဖြင့် စိန်ခေါ်မှု အဟန့်အတား အခက်အခဲများကို ကျော်လွှားနိုင်ရန် ဆောင်ရွက်ကြစေလိုကြောင်းပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေတွင် တက်ရောက်လာသော လူငယ်များက လူငယ်ရေးရာမူဝါဒကို လူငယ်ထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ရေး၊ ဌာနဆိုင်ရာများပူးပေါင်းပါဝင်ရေး၊ လူငယ်များ အတွက် လူငယ်စင်တာများ ဖွင့်လှစ်ပေးရေး၊ Online Social Media များမှ တဆင့် အသိပညာ ပေးရေး ၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအသိပညာ ပေးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်၍ အသိပညာပေးမှုများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ လူငယ်ရေးရာမူဝါဒနှင့်ပတ်သက်၍ လူကြီးများ၏ အတွေ့အကြုံနှင့် အကြံပြုချက် များကို အသုံးချဆောင်ရွက်နိုင်ရေး၊ ကျောင်းပြင်ပ ပညာရေးနှင့် ပတ်သက်၍ ပါဝင်ဆောင်ရွက်နိုင်ရေး၊ လူငယ်ရေးရာကော်မတီများကို မြို့နယ်အဆင့်ထိ ဆက်လက်ဖွဲ့စည်းနိုင်ရေး စသည့်အချက်များကို ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများက ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များနှင့်တွေ့ဆုံ ဆွေးနွေးရာတွင် ရခိုင်ပြည်နယ် လူငယ်ရေးရာကော်မတီဝင် လူငယ်များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများမှ လူငယ်များ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ လူငယ်များက လူငယ် နှင့် ငြိမ်းချမ်းရေး၊ အမျိုးသမီးငယ်ရွယ်သူများ ဘဝလုံခြုံရေး၊ အိမ်တွင်းမှု သက်မွေးသင်တန်းကျောင်းများ တွင် တက်ရောက်ခဲ့သော သင်တန်းဆင်းများ ဈေးကွက်ရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ရေး၊ MCCT ထောက်ပံ့ပေးနေမှု အခြေအနေ၊ ဘွဲ့ရလူငယ်များ အလုပ်အကိုင် ရရှိရေး၊ သဘာဝအမွေအနှစ်များကို လူငယ်များပါဝင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ လူငယ်များအတွက် လူငယ်စင်တာ ဖွင့်လှစ်ပေး နိုင်ရေးနှင့် လူငယ်မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးဦးစိုးအောင်တို့သည် တာဝန်ရှိသူများနှင့်အတူ စစ်တွေ့မြို့၊ မင်းဂံရပ်ကွက်တွင် လူငယ်စင်တာ ဖွင့်လှစ်မည့်နေရာနှင့် စစ်တွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာရုံးခန်းများ ဖွင့်လှစ်နိုင်ရန် သွားရောက် ကြည့်ရှုခဲ့ကြကြောင်းသတင်းရရှိပါသည်။