ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လက်ခံတွေ့ဆုံ
နေပြည်တော်၊ ၂၅.၃.၂၀၁၉
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Burgener အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထို့သို့ တွေ့ဆုံရာတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၏ ရုံးနှင့် ဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသော နေရပ်စွန့်ခွာသူများအတွက် မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပါဝင်သည့် “ Factsheet” ရေးသားပြုစုနေမှု နောက်ဆုံးအခြေအနေများ၊ အဆိုပါ “Factsheet” အား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများထံသို့ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်မည့် အခြေအနေများ၊ ဧပြီလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစည်းအဝေးကျင်းပရန် စီစဉ်နေသည့် အခြေအနေများ၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများမှ ပူးပေါင်းဆောင်ရွက် နေမှုများနှင့် ASEAN Emergency Response and Assessment Team (ERAT) မှ ပထမအကြိမ်ကွင်းဆင်းလေ့လာမှုအား မကြာသေးမီက အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုများ၊ ရခိုင်ပြည်နယ် အတွင်း လတ်တလောတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ပေးအပ်နေမှုများနှင့် ကမာ့္ဘစားနပ်ရိက္ခာအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ICRC ၊ IFRC တို့ဖြင့် ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမိုထိရောက်စွာပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။