ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လူငယ်များနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာ တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ ၂၅.၃.၂၀၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဒေါ်နော်ပွယ်စေးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ အဖွဲ့အစည်းအသီးသီးက လူငယ်များနှင့်တွေ့ဆုံ၍ လူငယ်ရေးရာမူဝါဒ ဆိုင်ရာကိစ္စများကို တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် မြို့နယ်၊ ပုဇွန်မြောင်းစံပြကျေးရွာ၌ ပညာရေး၊ ကျန်းမာရေးကိစ္စများတွင် အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ပန်းငွေရုံတောရဆရာတော် ဘဒ္ဒန္တသုမနာဘိဝံသ၏ သက်တော် (၈၆)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအလှူအဖြစ် ကျေးလက်ကျန်းမာရေးဌာန ဆောက်လုပ် လှူဒါန်းခြင်းနှင့် အဆောက်အဦးအား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အစိုးရ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများတွင် လူမှုအဖွဲ့အစည်းများ၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ ဤအလှူသည် ပြည်သူနှင့်အစိုးရ ပူးပေါင်း ဆောင်ရွက်မှု၏ ရလာဒ်ဖြစ်ကြောင်း၊ ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ရုံးသို့ရောက်ရှိပြီး အမှတ်(၁)မူလတန်းကြိုကျောင်း ဆောက်လုပ်နေမှုများကို ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ အဖွဲ့အစည်းအသီးသီးက လူငယ်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများအားလုံးအခွင့်အရေးများကို သာတူညီမျှ ခံစားရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များအတွက်လည်း ရသင့်ရထိုက်သော အခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်ရန်အတွက် လူငယ်များကိုယ်တိုင် ပါဝင်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာမူဝါဒကို ရေးဆွဲ မိတ်ဆက်ခဲ့ပြီးဖြစ်ပါကြောင်း၊ မဟာဗျူဟာရေးဆွဲအတည်ပြုနိုင်ရေး နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များအားလုံးရှိ ကိုယ်စားပြုလူငယ်များ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ပါကြောင်း၊ မူဝါဒတွင်ကဏ္ဍ(၁၆)ရပ် ပါဝင်ကြောင်း၊ ထိုကဏ္ဍများကို မဟာဗျူဟာချမှတ်ပြီး လုပ်ငန်းစဉ်များရေးဆွဲ၍ ဦးစားပေး ကဏ္ဍအလိုက် အကောင်အထည်ဖော်သည့်အခါ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များ အလိုက် ချမှတ်ထားသော လူငယ်နှင့်သက်ဆိုင်သည့် စီမံချက်များနှင့် ချိတ်ဆက်ဆောက်ရွက် ရမှာဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့တာဝန်ရှိသူများကလည်း လူငယ်များအတွက် ချမှတ်ထားသော လုပ်ငန်းစီမံချက်များကို သိရှိအောင် ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်ရှိပြီး စတင်လျှောက်လှမ်းနေချိန်တွင် အခက်အခဲများစွာ ကြုံတွေ့ရမှာ ဖြစ်ပါကြောင်း၊ လူငယ်များဟာ အနာဂတ်နိုင်ငံအတွက် လက်ဆင့်ကမ်းတာဝန်ယူကြ ရမည်ဖြစ်ပြီး နောက်မျိုးဆက်သစ်များအတွက်လည်း လက်ဆင့်ကမ်းအမွေပေးခဲ့ရမည်ဖြစ်ရာ မိမိတို့လက်ထက်တွင်ကြုံတွေ့ရသော အခက်အခဲများတွင် အတိတ်၏သင်ခန်းစာများကို ရယူလျက် ကျော်လွှားနိုင်ရန် စည်းလုံးညီညွှတ်စွာဖြင့် အကောင်းဆုံးကြိုးစားအားထုတ်ဖို့ လိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ အဖွဲ့အစည်းအသီးသီးက လူငယ်များက ဆွေးနွေးကြရာ လူငယ်နှင့် ငြိမ်းချမ်းရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်စင်တာဖွင့်လှစ်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိအောင်ဖော်ဆောင်ရေး၊ ကျား/မ တန်းတူညီမျှ အခွင့်ရေးရရှိရေး၊ လူငယ်များ ဥပဒေများကို သေချာသိရှိနားလည်အောင် ဆောင်ရွက်ပေးရေး၊ ငယ်ရွယ်သူ အမျိုးသမီးများ စောင့်ရှောက်ပေးရေး၊ အသေးစား စက်မှု/လက်မှု လူငယ်စီးပွားရေးလုပ်ငန်းရှင် များအတွက် ထိရောက်သော ချေးငွေပံ့ပိုးမှုများဆောင်ရွက်ပေးရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေး ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် မြို့နယ်အဆင့်ကော်မတီများ ဆက်လက်ဖွဲ့စည်းနိုင်ရေး၊ ပရဟိတအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ရေး၊ လူငယ်ရေးရာမူဝါဒကို လူငယ်များအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်နိုင်ရေးနှင့် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရဌာနဆိုင်ရာများနှင့် လူငယ်များ ပီပီပြင်ပြင် ချိတ်ဆက်ဆောင်ရွက်ရေးတို့ကို ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ် ချက်များ ချမှတ်နိုင်ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာကြသော လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။