ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာအဆင့် စီမံချက်မူကြမ်း အတည်ပြုဆွေးနွေး

နေပြည်တော်၊ ၂၆.၃.၂၀၁၉
       လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာအဆင့် စီမံချက်မူကြမ်း အတည်ပြုဆွေးနွေးပွဲ ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တက်ရောက်အမှာစကား ပြောကြားပါသည်။
        ပြည်ထောင်စုဝန်ကြီးက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များဖြစ်ပေါ်လာစေရန် ပဋိသန္ဓေတည်ချိန်မှ အစပြု၍ သက်ကြီးရွယ်အိုထိ ဘဝဖြစ်စဉ်တစ်လျှောက်လုံးတွင် လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ ရသင့်ရထိုက်သောအခွင့်အရေးများကို အပြည့်အဝရရှိရန် လုပ်ငန်းစဉ်များကိုအကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လူငယ်များကို ဦးစားပေးဆောင်ရွက် ခြင်းဖြင့် အနာဂတ်တွင်ကောင်းမွန်သောအမွေများ ပေးနိုင်သည့်အတွက် လူငယ်ရေးရာ မူဝါဒကို ပေါ်ပေါက်အောင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အပြောင်းအလဲများကို ဖော်ဆောင်ရာတွင် ရှေ့မှကြုံတွေ့ခဲ့ရသော အမှားများကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ကောင်းမွန်သောစီမံချက်များ ဖြစ်ပေါ်လာစေရန် လူငယ်များ အပေါ်မှုတည်နေပါကြောင်း၊ အတွေးအမြင်သစ်များဖြင့် နောက်မျိုးဆက်သစ်များကို ရှေ့ဆောင်လမ်းပြခေါ်ဆောင်သွား ရမည်မှာ လူငယ်များ၏တာဝန်ပင်ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် လူငယ် များအတွက် လိုအပ်ချက်များ ကွဲပြားခြားနားမှုများရှိနိုင်သည့်အတွက် ဒေသအလိုက် လုပ်ငန်း စဉ်များရေးဆွဲရာတွင် လူငယ်များအနေဖြင့် မိမိတို့လိုအပ်ချက်များကိုထည့်သွင်း ရေးဆွဲရ မည်ဖြစ်ပါကြောင်း၊ လူငယ်ရေးရာမူဝါဒတွင် ကဏ္ဍ(၁၆)ချက်မှ လူငယ်များ ဖွံ့ဖြိုးတိုး တက်ရေး အတွက် အရေးကြီးသော ဦးစားပေးအချက်အလက်များ ဖော်ထုတ်ပြီး ပူးပေါင်း ပါဝင်ဆွေးနွေး ပေးစေလိုပါကြောင်း၊ ဒီမိုကရေစီစနစ်လမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး  ပန်းတိုင်မျှော်မှန်းချက် ရှိပြီးဖြစ်၍ တိုင်းရင်းသား လူငယ်များအပါအဝင် လူငယ်များအားလုံး  သာတူညီမျှရရှိရန် မျှော်မှန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ပန်းတိုင်သို့သွားရာလမ်းကြောင်းတွင် ကြုံတွေ့ရမည့် အခက်အခဲများကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကျော်လွှားသွားရမည်  ဖြစ်ပါ ကြောင်း၊ ဒီမိုကရေစီစနစ် အမြစ်တွယ်ရန် လူငယ်များက လက်ရှိကျရာတာဝန်ကို ထမ်းဆောင်၍ အနာဂတ်ကို မျှော်မှန်းကြည့်ခြင်းဖြင့် မျိုးဆက်သစ်များအတွက် ရလဒ်ကောင်းများ ချန်ထားခဲ့နိုင်ရန် ကြိုးစားဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်း ပြောကြား ခဲ့ပါသည်။
        ဆက်လက်ပြီး လူငယ်ရေးရာမူဝါဒပါ ကဏ္ဍ(၁၆)ချက်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာစီမံချက်(မူကြမ်း)အပေါ် ဌာနဆိုင်ရာ အဖွဲ့အစည်း များ၏ သဘောထားအကြံပြုချက်များကို  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးများ၊ လူငယ်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များပူးပေါင်း၍ မဟာဗျူဟာ စီမံချက်(မူကြမ်း)အတည်ပြုနိုင်ရေး ထည့်သွင်းလိုသည့် အချက်များအား ပြင်ဆင်ဆွေးနွေး ခဲ့ပြီး ဆွေးနွေးပွဲကို မတ်လ(၂၅)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter