ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား LIFT Fund အဖွဲ့က လာရောက်တွေ့ဆုံ

ဧပြီ ၂၄၊ နေပြည်တော်
    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အသက်မွေးမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (Livelihoods and Food Security Trust Fund - LIFT Fund) အား စီမံခန့်ခွဲလျက်ရှိသော UNOPS Myanmar မှ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Katy Webley ဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
    ထိုသို့တွေ့ဆုံရာတွင် LIFT Fund က ဆောင်ရွက်မည့် (၂၀၁၉-၂၀၂၃) မဟာဗျူဟာနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့် အစီအစဉ်များ၊ LIFT Fund ၏ အကူအညီဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့်စီမံကိန်းများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များ၊ စီမံကိန်းများဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အပါအဝင် သက်ဆိုင်ရာပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာအုပ်ချုပ်မှုအဖွဲ့အစည်းများနှင့် စနစ်တကျ ချိတ်ဆက် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော်ကဆောင်ရွက်နေမှုများနှင့် အာဆီယံနိုင်ငံများအပါအဝင် မိတ်ဖက်နိုင်ငံများမှ ပူးပေါင်းဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter