ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UEHRD ပြည်ထောင်စုစီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်မှုများ ညှိနှိုင်းဆွေးနွေး
ရန်ကုန်၊ ၁၉.၅.၂၀၁၉
ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော်မှု ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပပြုလုပ် ရာ အဆိုပါကော်မတီ၏ ဒုဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် UEHRD အဖွဲ့ဝင်များ၊ အထောက်အကူပြု လုပ်ငန်းအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ဆောင်ရွက်နေသည့် UEHRDကော်မတီအနေဖြင့် ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်စေရန်အတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူများ၊ ပုဂ္ဂလိက၊ ပြည်တွင်း NGOနှင့် CSOများ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ INGOsများ အားလုံး အတူတကွ ပူးပေါင်းညှိနှိုင်း အကောင်အထည်ဖော်သည့် နည်းလမ်းဖြင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ထိထိရောက်ရောက်ပေးအပ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေးကိစ္စများတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခ ကင်း ဝေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင် ပါကြောင်း၊ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည့်အတွက် အဖွဲ့အစည်းများအကြား အပြန်အလှန်ချိတ်ဆက် ဆက်သွယ်ဆောင်ရွက်မှုသည်လည်းအရေးကြီးပါကြောင်း၊ အထူးသဖြင့် UEHRD ကော်မတီ ရန်ကုန်ရုံးနှင့် နေပြည်တော်ရုံးအကြား အပြန်အလှန် သတင်းအချက်အလက်ဖလှယ်မှု ဆက်သွယ်ဆောင်ရွက်မှုများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ UEHRD၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူငယ်များ၏ အင်အားကိုလည်းမေ့လို့မရပါကြောင်း၊ မြန်မာနိုင်ငံတွင် လူငယ်များကိုယ်တိုင် ပါဝင် ရေးဆွဲ သော လူငယ်မူဝါဒရှိပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဒေသအလိုက်လည်း မဟာဗျူဟာများ ရေးဆွဲထားရှိပြီး ဖြစ်ပါကြောင်း၊ UEHRD အနေဖြင့် တစ်နိုင်ငံလုံးရှိ ရခိုင်ပြည်နယ်အရေး တစ်ဖက်တစ်လှမ်းက အချိန်ပေး ဝိုင်းဝန်းလိုသည့် လူငယ်များကို အွန်လိုင်းကတစ်ဆင့် လျောက်လွှာများလက်ခံလျက် လျောက်ထားလာ သူများထဲမှ စိစစ်ရွေးချယ်ပြီး လေ့ကျင့်သင်တန်းပေးစေလွှတ်ခဲ့မှုများဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုများ ရရှိခဲ့ ပါကြောင်း၊ ယခုတစ်ဖန်ပြန်ပြီး UEHRD စေတနာ့ဝန်ထမ်းလူငယ် အစီအစဉ်ကို ထပ်မံ ဆောင်ရွက်လို ပါကြောင်း၊ အာဆီယံအနေဖြင့်လည်း မြန်မာနိုင်ငံကို ကူညီပြီး ရခိုင်ပြည်နယ်အတွင်း ပြန်လည်လက်ခံရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး လိုအပ်ချက် ဆန်းစစ်လေ့လာရေးကို ကနဦးဆောင်ရွက်ခဲ့ပြီး နောက်ထပ် ပြီးပြည့်စုံသော ဆန်းစစ်လေ့လာမှုများ ကို ဆောင်ရွက်ရန်ပြင်ဆင်လျက်ရှိပါကြောင်း၊ UEHRD အနေဖြင့် အာဆီယံနှင့်လည်း လက်တွဲဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရေး အတွက် ရန်ပုံငွေရရှိရေးနည်းလမ်းများကို လည်းဝိုင်းဝန်း စဉ်းစားဖော်ထုတ် သွားကြရမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ယင်းနောက်တွင် အစည်းအဝေးတက်ရောက်လာကြသူများက UEHRD စေတနာ့ဝန်ထမ်း လူငယ် အစီအစဉ်ပြန်လည်ဆောင်ရွက်ရေးကိစ္စရပ်များ၊ UEHRD ၏ လုပ်ငန်းများကို ယခုထက်ပိုပြီး ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရေး လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ ကြပါသည်။
ထို့နောက် UEHRD ၏ အထောက်အကူပြုအဖွဲ့ဖြစ်သော Outreach Working Group နှင့် တွေ့ဆုံကာ နိုင်ငံတကာတွင် ပျံ့န့ှံပြောဆိုနေကြသော မဟုတ်မမှန်သတင်းများကို လူမှုကွန်ယက် မီဒီယာများ၊ အခြားသော ဆက်သွယ်ရေး နည်လမ်းများ အသုံးပြု၍ သတင်းမှန်များ ပြန်ကြားနိုင်ရေး၊ မြေပြင်တွင် အမှန်တကယ် ပြောင်းလဲတိုးတက်မှုများကို ပြည်တွင်း၌သာမက ဒေသတွင်နိုင်ငံများနှင့် ကမ္ဘာ ကပါ သိရှိအောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ UEHRD ကော်မတီအဖွဲ့ဝင်များ၊ ကော်မတီ၏ Outreach Working Group မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။