ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက်ရန်အတွက် ဒုတိယအကြိမ် အဆင့်မြင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော်၊ ၂၇-၅-၂၀၁၉
ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအကြိမ် အဆင့်မြင့်ညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးနှင့်အတူ အာဆီယံအတွင်းရေးမှူးချုပ် Mr. Dato Lim Jock Hoi တို့က ပူးတွဲဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှ ရခိုင်ပြည်နယ်တွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ အဆီယံမှပူးပေါင်း ပါဝင်ရန် ဆုံးဖြတ်ခဲ့မှု အားကျေးဇူးတင်ရှိပါကြောင်း၊ အာဆီယံ ထိပ်သီးအစည်းအဝေး၏ဆုံးဖြတ်ချက်နှင့် အညီ အာဆီယံ အတွင်းရေးမှူးချုပ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်သို့ ကွင်းဆင်းလေ့လာနိုင်ခဲ့ခြင်း၊ အာဆီယံဒေသတွင်းနိုင်ငံများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေး အဖွဲ့ [ASEAN Emergency Response and Assessment Team (ASEAN-ERAT)] သည် ၂၀၁၉ ခုနှစ်၊ မတ်လ(၄) ရက်နေ့မှ (၁၃) ရက်နေ့အထိ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ငါးခူရပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင်ကြားစခန်း တို့တွင် ပြန်လည်လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုများပြုလုပ်ခဲ့ပြီး တွေ့ရှိချက် အစီရင်ခံစာ ပြုစုခဲ့ခြင်းတို့သည် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများပင်ဖြစ်ပါကြောင်း၊ ASEAN-ERAT အဖွဲ့၏ ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာသည် ရခိုင်ပြည်နယ်ရှိ မြေပြင်တွင် အမှန်တကယ်ဖြစ်တည်တွေ့ရှိချက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး ပြန်လည်လက်ခံရေး ဆောင်ရွက်ရန်အစီအစဉ်များကို အစိုးရက စနစ်တကျဆောင်ရွက်ထားရှိသည်ကို တွေ့ရှိရကြောင်း၊ ပြန်လည်လက်ခံရေးအစီအစဉ်သည် အဆင့်သင့်အနေထားတွင်ရှိကြောင်း၊ အခြေအနေအမှန် သိရှိအောင် သက်သေပြုပြသနိုင်ခဲ့ပါကြောင်း၊ ယခု ကနဦးလိုအပ်ချက် ဆန်းစစ် လေ့လာ တွေ့ရှိချက် အစီရင်ခံစာအား ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေး၌တင်ပြရန် စီစဉ်ထားရှိပါကြောင်း၊ ရခိုင်ပြည်နယ်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)မှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သော ဒုတိယအကြိမ်အဆင့်မြင့်ညှိနှိုင်းအစည်းအဝေးတွင် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်လုပ်ငန်းများကို ဆွေးနွေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ် Mr. Dato Lim Jock Hoi က အမှာစကား ပြောကြားရာတွင် ၂၀၁၈ ခုနှစ်အတွင်း အာဆီယံသည် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ လုပ်ငန်းများစွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာတွေ့ရှိချက်ပါ အကြံပြုချက်အား ပူးပေါင်းအကောင်အထည်ဖော်မည်ဖြစ်ပါကြောင်း၊ ထို့အတူ ပြီးပြည့်စုံသော ဆန်းစစ်လေ့လာမှုကိုလည်း ပြန်လည်လက်ခံရေးစတင်သည့် အချိန်တွင် ဆက်လက် ဆောင်ရွက် မည်ဖြစ်ပြီး၊ ကနဦးလေ့လာတွေ့ရှိချက်များကို အကောင်အထည်ဖော်ရာတွင် အစိုးရဝန်ထမ်း များ၏ စွမ်းဆောင်ရည်မြှင့်တင်မှုများကိုပါ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အာဆီယံသည် မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားပါသည်။
ဆက်လက်၍ သဘာဝဘေးစီမံခန့်ခွဲမှု အတွက်လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံး (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management–AHA Centre) မှ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာတွေ့ရှိချက်အစီရင်ခံစာ အား ရှင်းလင်းတင်ပြပါသည်။
အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင်မှ ASEAN-ERAT အဖွဲ့မှဆောင်ရွက်ခဲ့သော ကနဦး လိုအပ်ချက် ဆန်းစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာသည် ရခိုင်ပြည်နယ်ရှိ ပြန်လည်လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်မှုအတွက် လွန်စွာအသုံးဝင်ပါကြောင်း၊ အစီရင်ခံစာပါ အကြံပြုချက်များနှင့် လုပ်ငန်းစဉ် များအား အာဆီယံနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းအစီရင်ခံစာသည် မြန်မာနိုင်ငံအတွက်သာမက ပြန်လည်ဝင်ရောက်လာသူများအတွက်ပါ အကျိုးကျေးဇူးများစွာရှိပါ ကြောင်း၊ အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်မှု၏ ပြယုဂ်ကောင်းတစ်ခုလည်းဖြစ်ပါကြောင်းနှင့် အစီရင်ခံစာအား အာဆီယံနိုင်ငံခြားဝန်ကြီးများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများထံဖြန့်ဝေသွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ UEHRD ကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်း ရပ်များကို UEHRD ကော်မတီဝင်စီမံခန့်ခွဲမှုအရာရှိချုပ် ဦးညီငြိမ်းအေးက ရှင်းလင်းတင်ပြ ပါသည်။ ထို့နောက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး(ASEAN Coordinating Centre for Humanitarian Assistance on Disaster Management – AHA Centre) မှ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Adelina က ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံပြု ခြင်းနှင့်ဆွေးနွေးခြင်းများပြုလုပ်ကြပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ UEHRD ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အာဆီယံဘက်မှ အာဆီယံအတွင်းရေးမှူးချုပ်နှင့်ကိုယ်စားလှယ်အဖွဲ့၊ သဘာဝဘေးစီမံခန့်ခွဲမှု အတွက် လူသားချင်း စာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management – AHA Centre) ၏ Executive Directorနှင့် ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ASEAN-ERAT အဖွဲ့မှဆောင်ရွက်ခဲ့သော ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာတွေ့ရှိချက်ပါ အကြံပြုချက်များအား အကောင်အထည် ဖော်နိုင်ရေးအစီအစဉ်၊ ပြီးပြည့်စုံသော ဆန်းစစ်လေ့လာမှုအား ဆက်လက်ဆောင်ရွက်ရန် လျာထားမှု အစီအစဉ်နှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အား အကောင်အထည်ဖော်မည့်အစီအစဉ်များ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။