ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်ကုန်ထုတ် ရမ်းတိုလာတံတား ဖွင့်လှစ်ခြင်း နှင့် ညောင်လေးပင်မြို့နယ် ကလေးသူငယ် ပြုစုစောင့်ရှောက်သူများ၊ မိဘများ၊အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့်တွေဆုံပွဲကျင်းပ
ညောင်လေးပင်၊ ၂.၆.၂၀၁၉
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျေးရိုးကျေးရွာအုပ်စု၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် တည်ဆောက်ထားသော ရမ်းတိုလာကျေးရွာချင်းဆက် တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေး၊ လွှတ်တော် ကိုယ်စားလှယ်တို့က ဖွင့်လှစ်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာ မိမိတို့ဝန်ကြီးဌာန အနေဖြင့် လူမှုဝန်ထမ်းကိစ္စရပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၊ လွှတ်တော်တို့နှင့် ပူးပေါင်းကာ ပြည်သူများ၏ အကျိုးစီးပွားကို အကောင်အထည်ဖော် လျက်ရှိကြောင်း၊ တိုင်းသူပြည်သား အားလုံးသာတူညီမျှခံစားခွင့်ရရှိရေးကြိုးပမ်းလျက်ရှိကြောင်း၊ သာတူညီမျှခံစားရရှိရန် လိုအပ်ချက်များသောနေရာများကို ဦးစားပေးဆောင်ရွက်ပေးခြင်း၊ အလိုအပ်ဆုံး ကိစ္စရပ်များကို ဖြည့်ဆည်းပေးခြင်းများကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ကြောင့် ဒုက္ခ ရောက်သူများကို အလျင်အမြန် ကူညီရန်လည်းလိုအပ်ကြောင်း၊ ကျေးလက်တွင် နေထိုင်သူမှာ (၇၀) ရာခိုင်နှူန်းခန့်ရှိပြီးအဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ရောက်ရှိကြသော ဒေသခံလူထုအနေဖြင့်လည်း ဆန်စပါး နှင့် ပဲစိုက်ပျိုးသည်ကိုသိရှိရကြောင်း၊ ကုန်ထုတ်ပစ္စည်းများကို လွယ်ကူစွာ သယ်ပို့နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ ယခုရွာချင်းဆက် တံတားဖြစ်သော ရမ်းတိုလာတံတားသည် အရေးပါသော ကုန်ထုတ်လမ်း တံတားတစ်ခုဖြစ်ကြောင်း၊ ယခင်နှစ်ပေါင်းများစွာကပင် ယိုယွင်းပျက်စီးနေမှုအား ပြုပြင်ရန်အခြေအနေမရှိခဲ့ကြောင်း၊ ယခုတံတား သည် အခက်အခဲများကြားမှ ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက် သဖြင့်ဖြစ်ပေါ်လာသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူ ရန်ပုံငွေဖြင့် ကျခံသုံးစွဲခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း လိုအပ်သည်များကို ပူးပေါင်းပါဝင် ကူညီခဲ့မှုကြောင့် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်းဆုံးရလာဒ်ရရှိနိုင်သည်ကို ဤတံတားက သက်သေ ထူနိုင်ခဲ့ပါ ကြောင်း၊ ဤရွာချင်းဆက် တံတားသည် ရွာပေါင်း (၂၀) ကျော်အတွက် အကျိုးပြုမည်ဟု သိရှိရပါကြောင်း၊ ကုန်စည်စီးဆင်းမှုသည်လည်း ပိုမိုကောင်းမွန်သွားမည် ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှူစီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့ကိုလည်း များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း တံတားရေရှည် တည်တံ့ခိုင်မြဲအောင် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် က ကျေးဇူးတင်စကားပြောကြာခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ အဆိုပါ တံတားသည် အမျိုးသားသဘာဝဘေးအန္တရယ် ဆိုင်ရာ ရန်ပုံငွေမှ ကျပ် (၅၇) သန်း နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၅)သန်းစုစုပေါင်းငွေကျပ် ( ၆၂) သန်း ကုန်ကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ညောင်လေးပင်မြို့၊ မြို့နယ်ခန်းမ၌ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကလေးသူငယ် ပြုစုစောင့်ရှောက်သူများ၊ မိဘများနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပဋိသန္ဓေတည်သည်မှ သက်ကြီးဘိုးဘွားအထိ လူဘဝစက်ဝန်းတစ်လျောက် လူတစ်ဦးချင်း၊ တစ်ယောက်ချင်း၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ခြင်းဆိုသည်မှာ မွေးစမှ (၈)နှစ်အထိ ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ပေးခြင်းသည် ဝန်ကြီးဌာန၏ အဓိက တာဝန်ဖြစ်ကြောင်း၊ မွေးစမှ ၃နှစ်အထိ နေ့ကလေးထိန်းအရွယ်ဖြစ်ပြီး၊ ၃နှစ်မှ ၅နှစ်ထိသည် မူကြိုအရွယ်၊ ၅နှစ်မှ ၈နှစ်အထိသည် ကျောင်းနေအရွယ်များဖြစ်ကြောင်း၊ ရှေးဦးအရွယ်သည် ၈နှစ်အထိ အရေးကြီးသည်ဆိုသော်လည်း မွေးစမှ ၂နှစ်အတွင်းသည် ပို၍အရေးကြီးပါကြောင်း၊ မွေးစမှ ၃နှစ်အရွယ်သည် အများအားဖြင့် အိမ်တွင် မိသားစုများနှင့်အတူ ကြီးပြင်းသွားပြီး အထူးဂရုပြု စောင့်ရှောက်မှုကို မရရှိသည့်ကလေးက ပိုများသည့်အတွက် ဂရုတစိုက်စနစ်တကျ နည်းမှန်လမ်းမှန်ဖြင့် ပြုစုစောင့်ရှောက်ရန်လိုအပ်ပါကြောင်း၊ ကလေးတစ်ယောက်၏ ဦးနှောက်ဖွံ့ဖြိုးမှုသည် ရက်ပေါင်းတစ်ထောင်ကာလအတွင်း၌သာ အကောင်းဆုံး အခြေခံဦးနှောက်ကောင်း ရရှိမှာဖြစ်သည့် အတွက် ရှေးဦးအရွယ် မွေးစမှ ၂နှစ်အတွင်း စနစ်တကျ ဂရုစိုက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ရေး ကဏ္ဍကို အာရုံစိုက် လုပ်ဆောင်လျက်ရှိရာ ယနေ့ကလေးငယ်များသည် အနာဂတ်နိုင်ငံံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် တာဝန်များကို လက်ဆင့်ကမ်းယူရမည်ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များပြုစုစောင့်ရှောက်ခြင်းသည် အနာဂါတ်အတွက် အကောင်းဆုံး ရင်းနှီးမြှပ်နှံမှုဖြစ်ပါကြောင်း၊ ကိုယ်ဝန်စရှိချိန်မှ ကလေး၂နှစ်အထိ မိခင်များကို ငွေကြေးများထောက်ပံ့ပေးခြင်း (Maternal and Child Cash Transfer Program) ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် စတင်ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
တက်ရောက်လာကြသူများက တစ်ကိုယ်ရေမိခင်မှ မွေးဖွားလာသူများအားမှတ်ပုံတင် ပြုလုပ်ပေးမည့်ကိစ္စ၊ မွေးစာရင်းကိစ္စ၊ မသန်စွမ်းမွေးဖွားလာလျှင် ရှေရှည်စောင့် ရှောက်နိုင်ရေးနှင့် အစိုးရကတာဝန်ယူမည့်ကိစ္စများ၊ ညွှန်းပို့ရန်ကိစ္စများကို ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြပြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပဲခူး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဒိုက်ဦး၊ ပြွန်တန်ဆာ မြို့နယ်များမှ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေးပရဟိတ အဖွဲ့အစည်း များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် ကမ္ဘာ့ရာသီဥတုအပြောင်းအလဲများကြောင့် သဘာဝဘေး ပိုမိုကျရောက်နိုင်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး သတင်းအချက်အလက်များကို ပြည်သူလူထုအချိန်နှင့် တပြေးညီသိရှိနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးတုန့်ပြန်ဆောင်ရွက်ရာတွင်လည်း အလျင်အမြန် တုန့်ပြန်နိုင်ရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းများကိုအဓိကလုပ်ဆောင်ရသည့် ဌာနဖြစ်ပါကြောင်း၊ ကော်မတီ၏ ရန်ပုံငွေအား သဘာဝဘေးကြိုတင်ပြင်ဆင်ရန် သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် သုံးစွဲရပြီး ဘက်စုံသုံး သဘာဝဘေးဒဏ်ခံ အဆောက်အဦများဆောက်လုပ်ပေးခြင်း၊ အရေးပေါ်အချိန်တွင် ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ အရန်မီးသတ်တပ်ဖွဲ့၊ အခြားလူမှုအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ဝန်ကြီးဌာနအနေဖြင့်လည်း (၂၄) နာရီ Hot line ဖုန်းများဖွင့်လှစ်ပြီးအလျင်အမြန် တုန့်ပြန်ဆောင်ရွက်လျက်ရှိကြောင်း၊ ထောက်ပံ့ရေးလုပ်ငန်းများပိုမိုစနစ်ကျစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြာင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများပိုမိုထိရောက်စေရန် ဘေးသင့်ဒေသများအလျင်အမြန် ပြန်လည်ထူထောင်ရေးအဖွဲ့ကိုဖွဲ့စည်းပြီးဆောင်ရွက်လျက်ရှိကြောင်း၊ ထိရောက်စွာအားလုံး ပူးပေါင်း ဆောင်ရွက်နိုင်ရေး ချိတ်ဆက်ထားရှိရှိရန်ကြိုပမ်းလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်ကရင် တိုင်းရင်းသားရေးရာဝန်ကြီးဒေါ်နော်ပွယ်ဆေးက ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေး ဖြစ်ပွားခဲ့မှုများ၊ ကြိုတင်ပြင်ဆင်ကာကွယ်ရေးလုပ်ငန်များနှင့်ပတ်သက်၍ ရှင်လင်း ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာန မှ ဌာနကြီးမှူးက သဘာဝဘေးများနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှု၊ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှုများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
တက်ရောက်လာသူများက သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၏ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးသင်တန်းများရရှိရေး၊ ချောင်းရေတိုက်စားမှု အခြေအနေများ၊ အရေးပေါ်အခြေအနေတွင် လက်တွေ့ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ပတ်သက်ပြီးတင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ညောင်လေးပင်မြို့နယ်၊ စည်ပင်ကျေးရွာတွင် မြေသားရေကန် တည်ဆောက်ခြင်း လုပ်ငန်းနှင့် ငါးကြီးအိုင်ကျေးရွာမြေသားရေကန်ချဲ့ခြင်းလုပ်ငန်းများဆောင်ရွက်ရန် စုစုပေါင်း (၃၅ သိန်း) ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။