ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်မြတ်အေး တွေ့ဆုံ

ဇွန်လ၊ ၁၅ ၊ ပုသိမ်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့်တွေ့ဆုံ၍ လူငယ်ရေးရာမူဝါဒ၏ အရေးပါမှု၊ မဟာဗျူဟာရေးဆွဲပြီး ဆက်လက်အကောင်အထည်ဖေါ်ရန် လုပ်ငန်းစဉ်များရေးဆွဲရမည့် ကိစ္စရပ်များကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အခွင့်အရေးများကို အားလုံးတန်းတူညီမျှရရှိစေရန်အတွက် သက်ဆိုင်ရာ အညွှန်းကိန်းများအရ လိုအပ်ချက်အရှိဆုံးနေရာများ ဦးစားပေးပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးနေရကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပဋိသန္ဓေတည်သည်မှစ၍ သက်ကြီး ရွယ်အိုများအထိ လူမှုရေးကဏ္ဍလုပ်ငန်းများကို အဓိကတာဝန်ယူဆောင်ရွက်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ၌ မူဝါဒများ၊ ဥပဒေနှင့် နည်းဥပဒေများ၊ မဟာဗျူဟာ စီမံချက်များကို ရေးဆွဲပြီး အကောင်အထည်ဖေါ် ဆောင်ရွက်ရကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူငယ့်ရေးရာမူဝါဒကို အကောင်အထည်ဖော်လျက်ရှိကြရာ မိမိတို့နိုင်ငံ၌လည်း လူငယ်များ၏ရပ်တည်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍ(၁၆)ရပ်ပါဝင်သော လူငယ်ရေးရာမူဝါဒတစ်ရပ် ပေါ်ပေါက်လာပြီ ဖြစ်ကြောင်း၊ ထိုကဏ္ဍများကို သက်ဆိုင်ရာဝန်ကြီးဌာန၏ ကိုယ်စားလှယ်များနှင့်အတူ တိုင်းဒေသကြီး / ပြည်နယ်အသီးသီးမှ ကိုယ်စားပြုလူငယ်များ ကိုယ်တိုင်ပါဝင်ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊ မဟာဗျူဟာကိုလည်း မကြာသေးမီက ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ ဒေသအလိုက် ဦးစားပေးကဏ္ဍများကို အကောင်အထည်ဖေါ်ရန် လုပ်ငန်းစဉ်များချမှတ်နိုင်ရေး ဆက်လက်ဆောင်ရွက်ကြရန်နှင့် အကောင်အထည်ဖေါ်ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် ရန်ပုံငွေများ ထားရှိနိုင်ရေး ကြိုးပမ်းလျက်ရှိပါကြောင်း၊ လူငယ်မူဝါဒကို လူငယ်များအကြား ကျယ်ကျယ်ပြန့်ပြန့်လေ့လာသိရှိနိုင်ရန် လူငယ်များအချင်းချင်း ပြန်လည်ဖြန့်ဝေရန် လိုအပ်သည့် အတွက် မူဝါဒစာအုပ်များ လုံလောက်စွာရရှိရန် ကြိုးပမ်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု၏အခြေခံသည် တည်ငြိမ်အေးချမ်းမှုဖြစ်သည့်အတွက် လူငယ်များအချင်းချင်း စည်းလုံးညီညွှတ်ကြစေလိုကြောင်းနှင့် လူငယ်မူဝါဒကို အောင်မြင်အောင် ငြိမ်းချမ်းစွာ အကောင်အထည်ဖေါ်ဆောင်ရွက်ရန် အားလုံးပူးပေါင်း ကူညီပေးကြစေလိုကြောင်း ပြောကြား ခဲ့ပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များက လူငယ်ရေးရာ ခရိုင်/ မြို့နယ်ကော်မတီ ဖွဲ့စည်းနိုင်ရေး၊ လူငယ်စင်တာများဖွင့်လှစ်နိုင်ရေး၊ ဘတ်ဂျက်ထည့်သွင်းရရှိနိုင်ရေး၊ လူငယ်ရေးရာမူဝါဒတွင် လူငယ်များအားလုံး လေ့လာ၍ ပါဝင်လာနိုင်စေရန် မူဝါဒစာအုပ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရေး၊ အစိုးရမဟုတ်သောပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်စိုးရိမ်နေရမှု၊ လူငယ်များလူကုန်ကူးခံရမှု၊ မသန်စွမ်းလူငယ်များအတွက် တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက် နေမှုများနှင့် စိန်ခေါ်မှုများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် ကော်မတီဝင်များ၏တင်ပြဆွေးနွေးချက်များကို ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဧရာဝတီတိုင်းဒေသကြီးလူမှုရေးဝန်ကြီးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က လူငယ်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည် လုပ်ငန်းများကို ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter