ဖားကန့်ဒေသရှိရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၏ စတုတ္တအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

မြစ်ကြီးနား ၊ ၂၄-၆-၂၀၁၉
    သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ အထွေအထွ အတွင်းရေးမှူး၊ ဆရာတော်တူးမိုင်၊ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးရေးဌာန KBC နှင့် KMSS  တို့မှ တာဝန်ရှိသူများနှင့် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့၏ စတုတ္တအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက ဖားကန့်ဒေသတရားဥပဒေစိုးမိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြေယာစီမံခန့်ခွဲရေးနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းပေးရေးနှင့် အလုပ် အကိုင်ရှာဖွေပေးရေး တို့နှင့်ပတ်သက်၍ လုပ်ဆောင်နေမှုများကို လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရန် တာဝန်ရှိပါကြောင်း၊ ယခုအစည်းအဝေးတွင် ရှေ့ဆက်မည်သို့ ဆက်လက်ဆောင်ရွက်ကြရမည်ကို ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း အစိုးရ၏ကြိုးပမ်း ချက်များ အောင်မြင်ရန်အတွက် ကျယ်ပြန့်စွာ ပညာပေးရန်နှင့်လုပ်ငန်းအဖွဲ့ခွဲများအကြား၊ သက်ဆိုင်ရာ အစိုးရဌာန များအကြား၊ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရအကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊  ဒေသခံများ၏ ဝိုင်းဝန်းအားပေး ကူညီမှုများလည်း အရေးကြီးပါကြောင်း၊ (၁၂-၆-၂၀၁၉) ရက်နေ့တွင်ကျင်းပခဲ့သော လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေးမှ ညှိနှိုင်းဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါကြောင်း၊ ၎င်းတို့မှာ ဖားကန့်ဒေသတွင် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးဆုံး ဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအား စစ်တမ်းကောက်ယူခြင်း၊ ဒေသခံတာဝန်ရှိသူများနှင့် ဆွေးနွေး ညှိနှိုင်း၍ အမြန်ဆုံး စစ်တမ်းကောက်ယူနိုင်ရေး ဖားကန့်ဒေသရှိ ရွှေ့ပြောင်း အလုပ်သမားများ၊ ရေမဆေးသမားများကို စနစ်တကျ၊ သတ်မှတ်ထားသော ဥပဒေနှင့်အညီ ဆောင်ရွက်ရေး၊ မူးယစ်ဆေးတိုက်ဖျက်ရာတွင် ဒေသခံအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အထူးစစ်ဆင်ရေးတစ်ရပ် အဖြစ် ဆောင်ရွက်နိုင်ရေး၊ ယမ်းအမြောက်များသုံစွဲသည့် ကုမ္ပဏီများ စည်းကမ်းလိုက်နာရေး၊  ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် ယာယီနေရာချထားမှုကို စီမံချက်ရေးဆွဲနိုင်ရေး၊ သက်တမ်းကုန်လုပ်ကွက်များတွင် အပင်ပြန်လည် ပြုစုပျိုးထောင်ခြင်း မဖြစ်မနေ ဆောင်ရွက်ရန် ကြိုးပမ်းရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့်အတွက် ဥရုချောင်းရေစီးရေလာ ကောင်းမွန်စေရေးအတွက် လုပ်ငန်းရှင်များ၊ ဒေသခံများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ ကျောက်အချောထည်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး တို့ကို ပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များကိုလည်း ဝိုင်းဝန်းဆွေးနွေး ပေးစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
    ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ဖားကန့်ဒေသရှိ အလုပ်သမားများအတွက် ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းများသည် မိမိတို့ ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများအတွက်ပါ ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ဖားကန့်ဒေသရှိ အလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ခွဲများမှ ဆောင်ရွက်သွားမည့် လုပ်ငန်း စီမံချက်များကို (၁၇-၇-၂၀၁၉)ရက်နေ့တွင် အပြီး ရေးဆွဲတင်ပြနိုင်ရေး၊ လုပ်ငန်း အဖွဲ့ခွဲအလိုက် ပြန်လည်ဖွဲ့စည်းပုံ လျာထားစာရင်းအား အမြန်ဆုံးတင်ပြန်ရန်၊ ဖားကန့်ဒေသရှိ အလုပ်သမားများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပဉ္စမကြိမ်မြောက် အစည်းအဝေးအား ဇူလိုင်လအတွင်း ပြုလုပ်သွားရေး၊ တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။    
    အစည်းအဝေးတက်ရောက်လာသူများမှ ဖားကန့်ဒေသရှိ အလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများ ဖြစ်ကြသော- ဖားကန့်တရား ဥပဒေစိုးမိုးရေးလုပ်ငန်းအဖွဲ့ခွဲ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ခွဲ၊ မြေယာစီမံ ခန့်ခွဲရေးလုပ်ငန်းအဖွဲ့ခွဲ၊ အသက်မွေးဝမ်းကျောင်းသင်တန်းပေးရေးနှင့် အလုပ်အကိုင်  ရှာဖွေ ပေးရေးလုပ်ငန်းအဖွဲ့ခွဲ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ခွဲနှင့် ဘဏ္ဍာရေးလုပ်ငန်း အဖွဲ့ခွဲတို့၏ ဖွဲ့စည်းပုံများ ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင်ရေး လုပ်ငန်း အဖွဲ့ခွဲအလိုက် အစည်းအဝေးများ အမြန်ဆုံး ခေါ်ယူအတည်ပြုချက် ရယူရေး၊ ဖားကန့်ဒေသ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်းနှင်းရေး၊ မူးယစ်ဆေးစွဲသူများအား ပြန်လည်ထူထောင်ရေး၊ ဖားကန့်ဒေသရှိ အလုပ်သမားများအား စစ်တမ်းကောက်ယူရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြေယာ စီမံခန့်ခွဲရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်းပေးရေးနှင့် အလုပ်အကိုင်ရှာဖွေပေးရေး၊ ကျောက်အချောထည် လုပ်ငန်းကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရေးစသည့် စီမံချက်များအား သက်ဆိုင်ရာလုပ်ငန်း အဖွဲ့ခွဲများမှ ရေးဆွဲရေးတို့အတွက် ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စု ဝန်ကြီးများနှင့် ဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြပါသည်။

FacebookTwitter