ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ချင်းပြည်နယ်အတွင်း COVID - 19 လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများပေးအပ်

တီးတိန်၊ ၁၅.၇.၂၀၂၀
    ချင်းပြည်နယ်၊ တီးတိန်မြို့တွင်ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ချင်းပြည်နယ်အတွင်း COVID-19 လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက် ရှိသော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများနှင့် ရင်ထိုးတံဆိပ်များပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။
    အဆိုပါ ပေးအပ်ပွဲသို့ ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။    
    ပြည်ထောင်စုဝန်ကြီးသည် တီးတိန်မြို့ အစိုးရစက်မှုအထက်တန်းကျောင်းတွင် Quarantine Center အဖြစ် ဖွင့်လှစ်ထားသောနေရာ၌ ချင်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့များအတွက် အသိအမှတ်ပြုဂုဏ်လွှာများကို ပြည်နယ်လူမှုရေးဝန်ကြီးထံသို့ပေးအပ်ခြင်း၊ ရင်ထိုးတံဆိပ်များ၊ လက်သန့်ဆေးရည်များ၊ ပါးစပ်နှင့် နှာခေါင်းစည်းများကို စေတနာ့ဝန်ထမ်း ကိုယ်စားလှယ်တစ်ဦးနှင့် ပရဟိတအဖွဲ့ ကိုယ်စားလှယ်တစ်ဦးထံသို့ ပေးအပ်ခြင်းနှင့် ချင်းပြည်နယ် Quarantine Center များအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၂) ဦး၊ အသက်(၅)နှစ်အောက် ကလေး ငယ် (၅)ဦး၊ အသက်(၆၀)နှစ်နှင့် အထက် ဘိုးဘွား (၂)ဦးနှင့် မသန်စွမ်းသူ (၁)ဦးတို့အတွက် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် (၃)သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃) သိန်းကို စခန်းတာဝန်ခံတစ်ဦးထံပေးအပ်ခဲ့ပါသည်။ ထို့နောက် တီးတိန်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော ပိုးတွေ့လူနာ ကလေး ငယ်အတွက် ကစားစရာ၊ အားဆေးနှင့် မုန့်များကို တီးတိန်ပြည်သူ့ဆေးရုံရှိ တာဝန်ခံဆရာဝန်ထံ မှတဆင့် ပေးအပ်ခဲ့ပါသည်။
    ယနေ့ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ချင်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (၃၂၃)ဦး၊ ပရဟိအဖွဲ့ (၂၇) ဖွဲ့အတွက် ပေးအပ်ခဲ့သည့် ဂုဏ်ပြုလွှာများကို ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ လက်ဝယ်အရောက်ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တီးတိန် မူလတန်းကြိုကျောင်းသို့ သွားရောက် ပြီး မူကြိုကျောင်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်သည့်အခါတွင် COVID-19 ဆိုင်ရာ စည်းကမ်း ချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် မေးမြန်းဆွေးနွေး ခဲ့ပါသည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တီးတိန်မြို့၌ ဘက်စုံသုံးဘေးဒဏ်ခံ အဆောက်အဦ ဆောက်လုပ်ရန် လျာထားမြေနေရာကို သွားရောက်ကြည့်ရှုကြပြီး တာဝန်ရှိသူများ နှင့် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ယနေ့ ချင်းပြည်နယ်အတွင်း ဂုဏ်ပြုလွှာများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ညှိနှိုင်း ဆွေးနွေးခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရေးလိုက်နာရန် ထုတ်ပြန်ထား သော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter