အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် လူငယ်တို့၏ ပူးပေါင်းဆောင်ရွက်မှုများ စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ဩဂုတ်  ၁၁ ၊ နေပြည်တော်
    ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များ နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် လူငယ်တို့၏ပူးပေါင်းဆောင်ရွက်မှု စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ အွန်လိုင်းစနစ် အခမ်းအနားဖြင့်ပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
    အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင် လူငယ်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ လူငယ်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်း တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များကလည်း Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
    အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့သည် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံအားလုံးက လူငယ်များ အားလုံးကို အသိအမှတ်ပြုတန်ဖိုးထားကြောင်း သတ်မှတ်သည့်နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ လူငယ်များ၏ အရေးပါမှုကိုအသိအမှတ်ပြုပြီး ခေတ်ကာလအခြေအနေကိုထင်ဟပ်သည့် ဆောင်ပုဒ် အသီးသီးဖြင့် နှစ်စဉ်ကျင်းပကြပါကြောင်း၊ ဒီနှစ်အတွက် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ဆောင်ပုဒ်အဖြစ် “ Youth Engagement in Global Action ” ဖြစ်ပါကြောင်း၊ “Global Action” သည် မျက်မှောက်ခေတ် ကမ္ဘာကြီးတွင်ဖြစ်ပွားနေသည့် လူကြောင့်ဖြစ်သည့် ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များနှင့် ကပ်ရောဂါစသည့် ကမ္ဘာ့ရေးရာပြဿနာများကို ဖြေရှင်းတုံ့ပြန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် လူငယ်များစုပေါင်းပြီး ပါဝင်ဆောင်ရွက်ရန်  Youth Engagementအနေဖြင့် ဖော်ပြထားပါကြောင်း၊ ထို့ကြောင့်  ယခုနှစ်ဆောင်ပုဒ်ကို မိမိတို့ နိုင်ငံအနေဖြင့် “ကမ္ဘာ့ရေးရာကိစ္စများ လူငယ်ထုကဖော်ဆောင်သွား” ဟု သတ်မှတ်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်သည် ကမ္ဘာမှာ ထူးထူးခြားခြား အခက်အခဲများနှင့် ရင်ဆိုင်ရသည့် နှစ်တစ်နှစ် ဖြစ်ကြောင်း၊  COVID-19 ကပ်ရောဂါ ပြဿနာကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အခက်အခဲများနှင့် ရင်ဆိုင်နေကြရပြီး COVID-19 ကပ်ရောဂါဟာ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံအဆောက်အအုံများ၏ ယိုယွင်းအားနည်းချက်တွေကို ဖွင့်ဟပြလျက်ရှိပါကြောင်း၊ မညီမျှမှုများ၊ အစွန်းရောက်မှုများ၊ သဟဇာတပျက်ပြားမှုများသည် ကမ္ဘာကြီးကို အန္တရာယ်လမ်းကြောင်း ပေါ်သို့ တွန်းပို့နေပါကြောင်း၊ ယနေ့ ကမ္ဘာ့လူဦးရေ၏ ၁၈ ရာခိုင်နှုန်း၊ လူဦးရေတစ်ဘီလီယံခန့်သည်  လူငယ်များဖြစ်ပါကြောင်း၊  လူငယ်များသည် မျှော်လင့်ချက်များ ထားလို့ရသည့် အနာဂတ်အလားအလာ ကောင်းတွေကို ပိုင်ဆိုင်နိုင်ကြသူများဖြစ်၍ လူငယ်များ၏ အင်အားသည် မျက်မှောက်ကာလအခက်အခဲများကို  ဖြေရှင်းရာတွင် အလွန်အရေးပါသည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့်လူငယ်များသည် ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အခွင့်အရေးများခံစား ရရှိနိုင်ဖို့ လူငယ်များ၏ စည်းလုံးမှု၊ စုစည်းမှု၊ အချင်းချင်း ဦးဆောင်ပေးနိုင်မှုနှင့်အတူ အပြောင်းလဲများကို ဖော်ဆောင်ရာမှာ စနစ်တကျပါဝင်နိုင်ဖို့ လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လူငယ်များရဲ့ ပါဝင်ကြိုးပမ်းမှုများဖြင့်ရေးဆွဲထားသည့် လူငယ်မူဝါဒရှိပြီးကြောင်း၊ ပြည့်ပြည့်စုံစုံ အကောင်အထည် ဖော်နိုင်မည့် မဟာဗျူဟာကိုလည်းရေးဆွဲ ဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် လူငယ်ကိုယ်စားလှယ်များ၊ လူငယ်ကွန်ရက်တွေလည်း ရှိပြီးဖြစ်ကြောင်း၊ ထို့အပြင် လူငယ်အဖွဲ့အစည်းများ၊ လူငယ်အရေး ဆောင်ရွက်ကြသည့် အရပ်ဖက်အဖွဲ့အစည်းများလည်း ရှိတာကြောင့် ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ကြိုးပမ်းတည်ဆောက်ရန် အခြေခံအုတ်မြစ်ရှိပြီး ဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ကြရာတွင် ပေါင်းစည်း ညီညွတ်မှုအင်အားသည် အရေးပါပြီး ပိုမိုကြီးမားခိုင်မာကာ ရေရှည်တည်တံ့ရန် အရေးကြီးပါ ကြောင်း၊ လူငယ်များသည် ဒေသန္တရအရေး၊ ကိုယ့်နိုင်ငံအရေးသာမက ကမ္ဘာ့အရေးတွေကိုပါ ကျယ်ပြန့်စွာ လေ့လာသိရှိပြီး ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူခြင်း၊ အတွေ့အကြုံ ကောင်းများ ကို သင်ယူခြင်းများဖြင့် စွမ်းဆောင်ရည်ပြည့်ဝသူများဖြစ်ရန် ကြိုးစာကြရင်း ပိုမိုကောင်းမွန်ပြီး သာယာမျှတသည့် ကမ္ဘာကြီးအဖြစ် ပုံဖော်နိုင်ကြပါစေလို့ ဆန္ဒပြုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် UNFPA Myanmar မှ ဌာနေကိုယ်စားလှယ်က Video Conferencing စနစ်ဖြင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။
   ယင်းနောက် အထွေအထွေအတွင်းရေးမှူးချုပ်ရုံး၏ လူငယ်ဆိုင်ရာ အထူးသံတမန်က ပေးပို့သော သဝဏ်လွှာကို Video Clip ဖြင့် ပြသခဲ့ပါသည်။
    ဆက်လက်၍ လူငယ်တို့၏ “ပူးပေါင်းဆောင်ရွက်မှုများ” “Youth Engagement in National Action” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ကိုထက်ပိုင်စိုး၊ ကချင်ပြည်နယ်မှ မဘောက်မိုင်၊ မကွေးတိုင်းဒေသကြီးမှ ကိုဝေယံအောင်နှင့် ရခိုင်ပြည်နယ်မှ ကိုစောကလျာထွန်းတို့က ပါဝင်ဆွေး နွေးခဲ့ကြပါသည်။
    ဆွေးနွေးပွဲခေါင်းစဉ်များအဖြစ် မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒနှင့် လူငယ်ရေးရာမူဝါဒ ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်တို့ ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများ၊ COVID-19 တုံ့ပြန်ဆောင်ရွက်မှုများ၊ COVID-19 ကာလနှင့် ကာလအလွန်စီးပွားရေးအခွင့်အလမ်းများ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် လူငယ်တို့၏ပူးပေါင်းပါဝင်မှုများ စသည့်ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြပြီး ကိုယ်တိုင်နှင့် အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသူများက ဆွေးနွေးမေးမြန်း မှုများကို  ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် လူငယ်ကိုယ်စားလှယ်များက ပြန်လည် ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
    စကားဝိုင်းဆွေးနွေးမှုများအနေဖြင့် လူငယ်ရေးရာမူဝါဒနှင့် မဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သည့် လူငယ်များအပါအဝင် လူငယ်များအားလုံး တက်တက်ကြွကြွပါဝင်နိုင်ရေး တိုက်တွန်းမှုများ၊ သက်ဆိုင်သည့်ဝန်ကြီးဌာန များက ဘဏ္ဍာငွေခွဲဝေချထားပေးနိုင်မှု အခြေအနေများ၊ လူငယ်စင်တာများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရတို့နှင့် ညှိနှိုင်းထားမှုများ၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် စေတနာ့ဝန်ထမ်းများ အားကောင်းစွာပါဝင်ဆောင်ရွက်မှုများနှင့် ဒေသအလိုက် အခက်အခဲများကို မြို့နယ်အဆင့်အဖွဲ့များကို စနစ်တကျဖွဲ့စည်း၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကုလသမဂ္ဂအဖွဲ့ အစည်း WFP တို့ပူးပေါင်း၍ Quarantine  Center များတွင် စားနပ်ရိက္ခာ ပံ့ပိုးကူညီပေးနေမှုများ၊ COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများကုစားနိုင်ရေး၊ မူလအလုပ်အကိုင်များ ရပ်တန့်သွားမှု အတွက် COVID-19 ကာလနှင့် လျော်ညီသည့်အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရေး၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအတွက် အလုပ်အကိုင်ဖော်ဆောင်နိုင်ရေးတို့အတွက် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်နေမှုများ၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ထိခိုက်လွယ် အုပ်စုများ၊ တိုက်ပွဲရှောင်ပြည်သူများအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများ၊ COVID-19 စီးပွားရေး ထိခိုက်မှုကို ဖြေရှင်းကြရာတွင် လူငယ်ထုက ပူးပေါင်းပါဝင်ရန် အရေးကြီးမှုများ၊ ကမ္ဘာကြီးတွင် ပဋိပက္ခများ မချုပ်ငြိမ်းနိုင်သည့်ကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ လူငယ်များဟာ အရေးပါတဲ့နေရာကနေ မလွဲမသွေ ကြုံဆုံပါဝင်ကြရမှာဖြစ်သည့်အတွက် တစ်ဦးချင်း ပြည်ထောင်စု စိတ်ဓါတ်အခြေခံဖြင့် ငြိမ်းချမ်းချင်စိတ်ရှိခြင်း၊ ရိုးသားမှုအမွေကို လက်ဆင့်ကမ်းနိုင်ခြင်း၊ အချင်းချင်း ယုံကြည်မှု တည်ဆောက်ခြင်းနှင့်  လူငယ်များအနေဖြင့် အနာဂတ်တွင် ငြိမ်းချမ်းသာယာသော နိုင်ငံတော်ကို ပုံဖော်နိုင်ရန် လိုအပ်သောစွမ်းဆောင်ရည်များကို ကိုယ်တိုင် ဖြည့်ဆည်းထားနိုင်ရန် လိုအပ်မှုများကို ဆွေးနွေးခဲ့ကြပါသည်။
    ထို့နောက် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများတွင် လူငယ်များပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့သည့် လှုပ်ရှားမှုမှတ်တမ်းပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် မှတ်တမ်း Video ကို ပြသခဲ့ကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter