COVID-19 ကာလအတွင်း နိုင်ငံတစ်ဝှမ်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်ကို သတင်းမီဒီယာများအား အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
နေပြည်တော်၊ ဩဂုတ် ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ ယခင် MCCTအစီအစဉ် ဆောင်ရွက်လျက်ရှိသော ဒေသများတွင် ပါဝင်ခြင်းမရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး(၉)ခုရှိ ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့မှုအစီအစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အစီအစဉ်နှင့်ပတ်သက်၍ သတင်းမီဒီယာများအား အသိပေးခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက အစီအစဉ်နှင့်ပတ်သက်၍ အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က COVID-19 ကာလအတွင်း နိုင်ငံတစ်ဝှမ်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား “ငွေဗိုက်” Application အသုံးပြု၍ ကိုယ်ဝန်ဆောင် ကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ဩဂုတ်လ(၁၁)ရက်နေ့မှ စက်တင်ဘာလ (၁၅)ရက်နေ့အထိ စာရင်းသွင်းနိုင်ပြီး ထောက်ပံ့ကြေးငွေ(၃၀,၀၀၀)ကျပ် တစ်ကြိမ် ထောက်ပံ့ခြင်းကို ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ Wave Money၊ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စက်တင်ဘာလ(၂၀) ရက်နေ့ နောက်ပိုင်းတွင် ထောက်ပံ့ကြေးများ ပေးအပ်သွားပါမည့်အကြောင်း စသည်တို့ကို power point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသော သတင်းမီဒီယာများဖြစ်သည့် MRTV၊ MITV ၊ MRTV-4 ၊ MI Radio၊ Myawaddy၊ 7-Day၊ Sky Net၊ News Watch ၊ ဆင်ဟွာသတင်းမီဒီယာများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများက ပြန်လည်ဖြေကြား ခဲ့ကြောင်း သတင်းရရှိပါသည်။