ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကရင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများကို COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် အကျိုးခံစားခွင့်များ ထောက်ပံ့ပေးအပ်
မြိုင်ကြီးငူ၊ ၁၅.၈.၂၀၂၀
ကရင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများကို အားပေးခြင်းနှင့် COVID-19 စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် အကျိုးခံစားခွင့်များ ထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့နံနက်ပိုင်း၌ မြိုင်ကြီးငူအထူးဒေသတွင် သွားရောက် ဆောင်ရွက် ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိုင်ကြီးငူအထူးဒေသရှိ နန်းဦးဘေးမဲ့တောရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အရှင်ဉာဏ္ဏိတထံသို့သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိပြီး တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံစဉ် အစိုးရသစ် တာဝန်ယူချိန်မှစ၍ ပြည်သူများ၏ လိုအပ်ချက်များ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ရေတိုအကျိုးအတွက် လတ်တလော ထောက်ပံ့မှုများအပြင် ရေရှည်အကျိုးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက် လျက်ရှိကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက် နိုင်ရေးအတွက် ငြိမ်းချမ်းရေးသည် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံကို (၃)ကြိမ်တိုင်ကျင်းပခဲ့ပြီး ဘုံသဘောတူညီချက်များ ရရှိခဲ့ပါကြောင်း၊ မကြာမီ စတုတ္ထအကြိမ်ကို ကျင်းပမှာ ဖြစ်ပါကြောင်း၊ အဆိုပါဘုံသဘောတူညီချက် များထဲတွင် မိမိတို့ဝန်ကြီးဌာနက တာဝန် ယူဆောင်ရွက်ရသည့် လူမှုရေးကဏ္ဍ၏ အခြေခံ သဘောတူညီချက် (၁၁)ချက်ရှိပါကြောင်း၊ ထိုသဘောတူညီချက်များကို အစိုးရက စီမံချက်များဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အခြေခံသဘောတူညီချက်များတွင် ဘေးဒုက္ခခံစား နေရသော တိုက်ပွဲရှောင်ပြည်သူများအတွက် ဆောင်ရွက်ပေးရန်လည်း ပါဝင်ပါကြောင်း၊ ထို့ကြောင့် ဘေးကင်းလုံခြုံမှုရှိရန်၊ ဂုဏ်သိက္ခာရှိရန်နှင့် အမှီအခိုကင်းစွာ ပြန်လည်ရပ်တည်နိုင်ရန်အတွက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကရင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်း (၂) ခုကိုလည်း မဟာဗျူဟာအတိုင်း အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ယခု ကရင်ပြည်နယ်ရှိ တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများတွင် မျိုးဆက်သစ် ကလေးငယ်များ ရှိပါကြောင်း၊ ဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းကမွေးဖွားသော ကလေး အသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ခြင်း(MCCT)နှင့် ပညာပေးအစီအစဉ်တွင် ကရင်ပြည်နယ်လည်း အပါအဝင်ဖြစ်ပါကြောင်း၊ ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးပြီး ကျန်မာဖို့ အတွက် ရေရှည်မျှော်မှန်း ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ထိုကလေးငယ်များသည် အနာဂတ်တွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လက်ဆင့်ကမ်းတာဝန်ယူကြရမည့်သူများဖြစ်ကြောင်း၊ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို လူမှုရေးပင်စင်ထောက်ပံ့ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် အစိုးရက COVID-19 ရောဂါကြောင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် စီးပွားရေး အခက်အခဲများ လျော့နည်း သက်သာစေရန် COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (CERP) ဖြင့် ဆောင်ရွက်လျက်ရှိရာ မသန်စွမ်းသူများ၊ အသက် (၈၀) နှစ်မှ (၈၅) နှစ်အကြားရှိသည့် ဘိုးဘွားများအား တစ်ကြိမ် ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ် ကြောင်း၊ ထို့အပြင် CERP အစီအစဉ်အရ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက တိုက်ပွဲရှောင် အိမ်ထောင်စုမျာအား စားနပ်ရိက္ခာများဝယ်ယူရန် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ ထောက်ပံ့ငွေများသည် ပြည်သူ့ဘဏ္ဍာငွေဖြစ်ကြောင်း၊ အကန့်အသတ်ဖြင့် ရရှိသည့် ဘဏ္ဍာငွေကို အလေအလွင့်မရှိအောင် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ရာ အကျိုးရှိရှိ အသုံးချတတ်ရန်လိုကြောင်း၊ ယခုလို လိုအပ်သည့်အချိန်တိုင်းတွင် ပြည်သူများအတွက် ငွေကြေးထောက်ပံ့မှုများ၊ လျှပ်စစ်၊ လမ်း၊ တံတား တည်ဆောက်ပေးမှု လုပ်ငန်းများသည် ထင်သာမြင်သာသော တိုးတက်မှုများဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး လူမှုရေး၊ စီးပွားရေး ကဏ္ဍများကိုလည်း ရေရှည်စီမံချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ အကျိုးခံစားရရှိမှုများကို အချိန်နှင့်အမျှ တိုးတက်ခံစား လာရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အစိုးရအနေဖြင့် ထောက်ပံ့မှု များသာမက အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထောက်ပံ့မှုများကို ပြည်သူ့လက်ဝယ်ရောက်ရှိအောင် ပြည်နယ်အစိုးရနှင့် တာဝန်ရှိဌာနဆိုင်ရာ များက ဆောင်ရွက်ပေးလျက်ရှိရာ လက်ခံရရှိသည့် အခြေအနေများကို တိုက်ပွဲရှောင် ပြည်သူများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် CERP စီမံချက်အရ ကရင်ပြည်နယ်ရှိ မသန်စွမ်းသူ (၆,၉၃၈) ဦးအတွက် စုစုပေါင်းငွေကျပ် (၂၀၈,၁၄၀,၀၀၀) ၊ တိုက်ပွဲရှောင်မိသားစု များအား စားနပ်ရိက္ခာများဝယ်ယူရန် အိမ်ထောင်စု (၇၂၄) စုအတွက် စုစုပေါင်းငွေကျပ် (၂၈,၉၆၀,၀၀၀)၊ လူမှုဝန်ထမ်းဦးစီးဌာနက တိုက်ပွဲရှောင်စခန်း(၂)ခုအတွင်းရှိ ဘိုးဘွား (၂၄၆) ဦး အတွက် စုစုပေါင်းငွေကျပ် (၇,၃၈၀,၀၀၀)၊ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအတွက် COVID-19 ကာကွယ်ရေးအတွက် လက်ဆေးဆပ်ပြာထောင့်များနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် လိုအပ်သော ထုံးအိတ်များကို တိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူများထံသို့ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။