ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျောက် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်မည့် ရန်ကုန်တိုင်းဒေသကြီးမှ စေတနာ့ဝန်ထမ်းများအား လေဆိပ်သို့ပို့ဆောင်
ရန်ကုန်၊ ၂၇.၈.၂၀၂၀
ရခိုင်ပြည်နယ်၏ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်၌ မိမိဆန္ဒအလျောက် စေတနာ့ဝန်ထမ်းအဖြစ် ရခိုင်ပြည်နယ်တွင် အချိန်ကာလ တစ်လခန့်အကြာ တာဝန်ထမ်းဆောင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ စေတနာ့ဝန်ထမ်း အမျိုးသား (၁၈)ဦးနှင့် အမျိုးသမီး(၇)ဦး စုစုပေါင်း(၂၅)ဦးတို့သည် ယနေ့မွန်းလွဲ (၃)နာရီခွဲအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာ့လေကြောင်းလိုင်းဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ကြရာ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ပြီး ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ပါသည်။
ယခုသွားရောက်သည့် စေတနာ့ဝန်ထမ်းများမှာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် အတွေ့အကြုံရှိပြီး Community Based Facility Quarantine Center များ၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသူများဖြစ်ကာ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင် အဖွဲ့၏အစီအစဉ်ဖြင့် စေတနာ့ဝန်ထမ်းဆရာဝန်များမှလေ့ကျင့်သင်ကြားပေးသော စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်း တက်ရောက်ပြီးသည့်သူများ၊ စေတနာ့ဝန်ထမ်းဂုဏ်ပြုကတ်ပြား ရရှိပြီးသူများ ဖြစ်ကြပါသည်။
ရခိုင်ပြည်နယ်သို့သွားရောက်သည့်စေတနာ့ဝန်ထမ်းများ၏ စားသောက်ရေး၊ နေထိုင်ရေး၊ သွားလာရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စများအား အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင် အဖွဲ့ (National Volunteer Steering Unit)မှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
အဆိုပါစေတနာ့ဝန်ထမ်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဓါတ်ခွဲနမူနာများအား(၂၆.၈.၂၀၂၀)ရက်နေ့နံနက်ပိုင်းတွင် စစ်ဆေးခဲ့ပြီး ကျန်းမာရေး ကောင်းမွန်သူများ ဖြစ်ကြောင်း သိရှိရပါသည်။