ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် COVID–19 စီးပွားရေး ကုစားမှုအစီအစဉ်အရ အထူးလူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့မှု အကူအညီများပေးအပ်
နေပြည်တော်၊ ၂၉-၈-၂၀၂၀
COVID -19 ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရ၏ COVID – 19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) စီမံချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ရှိ ထိခိုက်လွယ်အုပ်စုများ၊ အနာကြီးရောဂါခံစားနေရသူများအား စောင့်ရှောက်နေသည့် ဂေဟာ များအတွက် အထူးလူမှုကာကွယ်စောင့်ရှောက်ရေးပံ့ပိုးကူညီထောက်ပံ့မှုများကို ယနေ့တွင် Video Conferencing စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။
ရှေ့ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၀)နှစ်နှင့် အထက် (၈၅)နှစ်အောက် ဘိုးဘွားများ၊ ထပ်မံ၍စာရင်းကောက်ယူရရှိသော မသန်စွမ်းသူများအား ငွေကြေးတစ်ကြိမ် ထောက်ပံ့ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ COVID – 19 စီးပွားရေးကုစားမှုအစီအစဉ်သည် ယခုကာလတွင် ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်ခုချင်း၊ မိသားစုတစ်ခုချင်းက မီခိုအားထားရသော ဝင်ငွေရရှိမှုအခက်အခဲများကြောင့် အကြပ်အတည်း ကြုံတွေ့ရသူများအတွက် အထောက်အပံ့ဖြစ်စေရန် ကူညီသည့်အစီအစဉ်ဖြစ်ပါကြောင်း၊ စီးပွားရေး နှင့် လူမှုရေးသည် ဆက်စပ်နေပြီး လူမှုစီးပွားထိခိုက်ခံစားရမှုကို ကုစားရန်ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပါကြောင်း၊ COVID – 19 ကာလသည် မည်မျှကြာမည်ကို မပြောနိုင်သေးပါကြောင်း၊ ကာလကြာရှည်လာသည်နှင့်အမျှ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်ပါကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အတက်နိုင်ဆုံးထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အကန့်အသတ်ရှိသည့် ဘဏ္ဍာငွေများကို လိုအပ်မှုအရ မိမိတို့ဝန်ကြီးဌာနက တာဝန်ယူရသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် မိမိတို့ဌာနတစ်ခုတည်း ဆောင်ရွက်၍မရပါကြောင်း၊ မြေပြင်တွင် အနီးကပ် ကြီးကြပ်တာဝန်ယူရသည့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်း၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ COVID-19 ကြောင့် အသွား အလာကန့်သတ်မှုများရှိလာ၍ ယခုလို အွန်လိုင်းစနစ်ဖြင့် ထောက်ပံ့မှုများကို လွှဲပြောင်း ပေးအပ် ရခြင်းဖြစ်ပါကြောင်း၊ COVID-19 ကြောင့် ကြုံတွေ့ရသည့် စိန်ခေါ်မှု၊ အခက်အခဲများကို အခွင့် အလမ်းအဖြစ်အသုံးချပြီး လုပ်ငန်းများရပ်တန့်မသွားအောင် ယခုကဲ့သို့ နည်းပညာသုံး ပုံစံသစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယနေ့ထောက်ပံ့မှုများကို အကျိုးခံစားခွင့်ရှိသူများလက်ဝယ်အရောက် အလေအလွင့်မရှိအောင် အားလုံးကပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ ဧရာဝတီတိုင်းအတွင်းရှိ အသက်(၈၀) နှစ်နှင့် အထက် (၈၅)နှစ်အောက် ဘိုးဘွားများ၊ ထပ်မံ၍ စာရင်းကောက်ယူရရှိသော မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေသည် ပမဏအားဖြင့် များသည် ဟုဆိုနိုင်ပါကြောင်း၊ စီးပွားရေးပညာရှင်များ၏ ပြောကြားချက်အရ ထိုကဲ့သို့ ဒေသတစ်ခုအတွင်းသို့ ငွေကြေးစီးဆင်မှုများပြားခြင်းသည် ဤဒေသအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အပံ့ဖြစ်သည်ဟုဆိုနိုင်ပါကြောင်း၊ အဆိုပါ ဆောင်ရွက်ပေးမှုများသည် ပြည်သူ့အစိုးရက ပြည်သူများ အတွက် အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းကို သိရှိစေလိုပါကြောင်း၊ ယနေ့ ဆောင်ရွက်မှုသည် ဝန်ကြီးဌာန၏ ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်များကို COVID – 19 နှင့်ယှဉ်တွဲ၍ မရပ်တန့်စေဘဲ အကောင်အထည်ဖော်နိုင်ခြင်းကို ပြသခြင်းဖြစ်ပါကြောင်းနှင့် လုပ်ငန်းများ အောင်မြင်မှုရအောင် အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက အစိုးရက အကောင်အထည်ဖော်နေသော ဝန်ကြီးဌာနကတာဝန်ယူဆောင်ရွက်သည့် လူမှုကာကွယ် စောင့်ရှောက်ရေးထောက်ပံ့မှုများကို ပြည်သူများက လက်တွေ့အကျိုးခံစားရရှိနေမှုများနှင့် ပတ်သက်၍ မြေပြင်တွင် ပြည်သူများ၏တုံ့ပြန်သံများကို ပြန်လည်ကြားနေရပါကြောင်း၊ နိုင်ငံတော် ကဆောင်ရွက်ပေးနေမှုများကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးလူမှုရေးဝန်ကြီးက တိုင်းဒေသကြီးအတွင်းရှိ အသက် (၈၀)နှစ်နှင့်အထက် အသက်(၈၅)နှစ်အောက်ဘိုးဘွား (၄၁,၀၆၂) ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် (၁၂၃၁.၈၆၀) သန်း၊ ထပ်မံ၍စာရင်းကောက်ယူရရှိသော မသန်စွမ်းသူ ( ၂၀,၇၈၆) ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၆၂၃.၅၈၀) သန်း တို့ကို တက်ရောက်လာကြသော ဘိုးဘွားများနှင့် မသန်စွမ်းသူများထံပေးအပ်ခဲ့ပြီး ကျန်ထောက်ပံ့မှုများကို အကျိုးခံစားခွင့်ရှိသူများ လက်ဝယ် အရောက် တာဝန်ယူပေးအပ်သွားမည်ဖြစ်ပါသည်။ ထို့နောက် ထောက်ပံ့မှုများအတွက် ဘိုးဘွား တစ်ဦးနှင့် မသန်စွမ်းသူတစ်ဦးတို့က တုံ့ပြန်စကားများ ပြန်လည်ပြောကြားခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်း လူမှုကာကွယ်ရေး စောင့်ရှောက်ရေးဂေဟာတွင် စောင့်ရှောက်ထားသူများအတွက် စားစရိတ်ထောက်ပံ့ခြင်း၊ ရှမ်းပြည် နယ်၊ လွိုင်လင်မြို့နယ်၊ လူမှုကာကွယ်ရေးစောင့်ရှောက်ရေး ဟိုခိုက်ဂေဟာတွင် စောင့်ရှောက်ထား သူများအတွက် စားစရိတ်ထောက်ပံ့ခြင်းနှင့် အနာကြီးရောဂါခံစားနေရသူများနှင့် နောက်ဆက်တွဲ မသန်စွမ်းမှုများအတွက် ငွေကြေးတစ်ကြိမ် ထောက်ပံ့ခြင်းကို ဆောင်ရွက်ရာ ပြည်ထောင်စု ဝန်ကြီးက COVID – 19 ကာလအတွင်း အခုလို အထူးလိုအပ်ချက်ရှိသည့် နေရာများနှင့် လူမှုဒုက္ခ ခံစားနေကြရသူများအတွက် နိုင်ငံတော်အစိုးရ၏ COVID – 19 စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့က စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်းနှင့် ယခုကဲ့သို့ လူမှုကာကွယ်စောင့်ရှောက်မှုများကို ကူညီဆောင်ရွက်ပေးကြသည့် ဌာန ဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဒေါ်သန်းမြင့်အောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ယင်းနောက် ဝါးနက်ချောင်း လူမှုကာကွယ်စောင့် ရှောက်ရေးဂေဟာတွင် စောင့်ရှောက်ထားသောလူဦးရေ (၁၂၀) ဦး၏ စားစရိတ်တစ်ရက် ငွေကျပ် (၅၀၀၀၀) နှုန်းဖြင့် (၃) လစာ ငွေကျပ် (၆၀) သိန်းကို ဂေဟာတာဝန်ရှိသူများသို့ ပေးအပ်ခဲ့ပါသည်။
တစ်ဆက်တည်းကျင်းပလျက်ရှိသည့် အွန်လိုင်း ထောက်ပံ့မှုပေးအပ်ရာတွင် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်ရှိ ဟိုခိုက်ဂေဟာတွင် စောင့်ရှောက်ထားသောလူဦးရေ (၈၉) ဦး၏ စားစရိတ် တစ်ရက် ငွေကျပ်(၅၀၀၀၀) နှုန်းဖြင့် (၃) လစာ ငွေကျပ် (၆၀)သိန်း၊ အနာကြီးရောဂါခံစားနေရသူ (၈၉) ဦးအတွက် တစ်ဦးလျှင်ငွေကျပ် (၅၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၄၄.၅) သိန်း တို့ကို ဂေဟာ တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြပါသည်။
ဆက်လက်၍ မှော်ဘီမြို့နယ် ဝါးနက်ချောင်းဂေဟာတာဝန်ရှိသူတစ်ဦးနှင့် လွိုင်လင်မြို့နယ်၊ ဟိုခိုက်ဂေဟာ တာဝန်ရှိသူတစ်ဦးတို့က ထောက်ပံ့မှုများအတွက် ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြပါသည်။
ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းချောင်ကျေးရွာ နာတာရှည်ရောဂါခံစားနေရ သူများစောင့်ရှောက်ရေး မေတ္တာပရဟိတဂေဟာအတွက် စားစရိတ်ထောက်ပံ့ခြင်း၊ နာတာရှည် ရောဂါခံစားနေကြရသူများအတွက် ငွေကြေးတစ်ကြိမ်ထောက်ပံ့ခြင်းကို ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဒေါ်သန်းမြင့်အောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန တာဝန်ရှိသူများက မေတ္တာပရဟိတဂေဟာအတွက် (၃)လစာ စားစရိတ် စုစုပေါင်းငွေကျပ် သိန်း(၁၂၀) နှင့် အနာကြီးရောဂါသည် (၁၄၅) ဦးအတွက် စုစုပေါင်းငွေကျပ် ( ၇,၂၅၀,၀၀၀) ကို ဂေဟာတာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြပါသည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ပံ့မှုများအတွက် ပြည်သူများ ကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး ဒုတိယဝန်ကြီးဦးစိုးအောင်က COVID - 19 ကပ်ရောဂါ ကာလအတွင်း နိုင်ငံတော်အစိုးရ၏ COVID – 19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) စီမံချက်အရ ထောက်ပံ့ပေးနေမှုများနှင့် ပတ်သက်ပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။