ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး COVID – 19 လုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအတွက် စိတ်ခွန်အားမြှင့်တင်ပေးခြင်း သင်တန်းသို့ တက်ရောက် အားပေးစကားပြောကြား
စက်တင်ဘာ၊ ၂၇၊ နေပြည်တော်
COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများအား စိတ်ဓါတ်ခွန်အားမြှင့်တင်ပေးခြင်းနှင့် စိတ်လူမှုစောင့်ရှောက်မှု ပေးခြင်း သင်တန်းကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ရာ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အားပေးစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက COVID – 19 ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်နိုင်ရန် ထိန်းချုပ်ရေးလုပ်ငန်းစဉ်သည် အဓိကကျပေါကြောင်း၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ ထိန်းချုပ်ရေးဆောင်ရွက်ရာတွင် အကန့်အသတ်ဖြင့် နေထိုင်ရခြင်းရှိမည်ဖြစ်ကြောင်း၊ သို့မှသာ ရောဂါကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်မှာဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်း များ၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များသည် ရောဂါကူးစက်ပြန့်နှံ့မှုနှင့်ပတ်သက်၍ ထိန်းချုပ်ရာတွင် အဓိကပါဝင် ကူညီဆောင်ရွက်ကြရသူများဖြစ်ကြောင်း၊ ထိုသူများအနေဖြင့် မိမိတို့ကိုယ်တိုင် ရောဂါပိုး ကူးစက်ခံရမှု မရှိစေရေးနှင့် မိမိကိုယ်မှတစ်ဆင့် တစ်ပါးသူများကို ကူးစက်မှု မရှိရေးသည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ရောဂါထိန်းချုပ်ရေးတွင် ပါဝင်ဆောင်ရွက်ကြသည့် သူများအနေဖြင့် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိနှင့်သတိ ကောင်းစွာရှိရန် လိုအပ်ပါကြောင်း၊ ထိန်းချုပ်ရေးတွင် ပါဝင်ဆောင်ရွက်ကြ သူများအတွက် ပံ့ပိုးရန် လိုအပ်ချက်များ၊ အချိတ်အဆက်မိစေရန် စီမံအုပ်ချုပ်မှုများ၊ ရောဂါပိုးကူးစက်ပြန့်နှံ့ စေနိုင်သည့် အခြေအနေများ မဖြစ်ပေါ်စေရေးကို အားလုံးက ဝိုင်းဝန်း ညှိနှိုင်း၊ အဖြေရှာကြဖို့ လိုပါကြောင်း၊ ထိုကြောင့် မိမိတို့စေတနာ့ ဝန်ထမ်းဦးဆောင်အဖွဲ့ အနေဖြင့် မြေပြင်တွင် လက်တွေ့ကူညီဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်းများနှင့် ဝိုင်းဝန်းဆွေးနွေး အဖြေရှာ၊ ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တာဝန်ယူဆောင်ရွက်နေသည့် လူမှုရေးဝန်ကြီးများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များ၊ ချိတ်ဆက်မိမိ စီမံဆောင်ရွက်နိုင်ရန် ကိစ္စများကို ဆွေးနွေး၊ ညှိနှိုင်း၊ အဖြေရှာခဲ့ပါကြောင်း၊ ထိုလိုအပ်ချက်များကို မိမိတို့အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဗဟိုကော်မတီ၏ဦးဆောင်မှုဖြင့် အတတ်နိုင်ဆုံး၊ အလျင်အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းများ ကိုယ်တိုင်ကလည်း ရောဂါကူးစက်ခံရမည်ကို စိုးရိမ်စိတ်ရှိမှာဖြစ်ကြောင်း၊ မိမိတို့အပါအဝင် လူတိုင်းက ဤရောဂါကူးစက်ခံရမည်ကို စိုးရိမ်စိတ်ရှိကြပါကြောင်း၊ မိမိ ကူးစက်ခံရပါက မိမိ၏ မိသားစု၊ ပတ်ဝန်းကျင်ကို ကူးစက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ဦးချင်းစီက မိမိကိုယ်ကို ကူးစက်မခံရအောင် ထိထိရောက်ရောက် စနစ်တကျ ကာကွယ်နိုင်လျှင် တစ်နိုင်ငံလုံး ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ပါကြောင်း၊ Quarantine Center များတွင် တာဝန်ယူဆောင်ရွက်ကြရသည့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စေတနာ့ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များအတွက် အရည်အသွေး ကောင်းသော ကျန်းမာရေးအကာ အကွယ်ပစ္စည်းများ လုံလောက်စွာရရှိရန် လိုအပ်မှာဖြစ်ပါကြောင်း၊ ထို့အတွက် အစိုးရအနေဖြင့်အတတ်နိုင်ဆုံး စာရင်းဇယားများ အတိအကျကောက်ယူ၍ ကြိုးစားဖြည့်ဆည်းပေးနေပါကြောင်း၊ ယခုလို အပ်ချက်များမှာရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များဖြစ်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်အနေဖြင့် စိုးရိမ်မှု၊ ကြောက်ရွံ့မှု၊ သံသယစိတ်များ ဖြစ်ကြမှာဖြစ်ပါကြောင်း၊ နေ့စဉ် တာဝန်များဆောင်ရွက်ကြရာတွင် တစ်ဖက်မှ စိတ်ဓါတ်တက်ကြွနေသလို တစ်ဖက်မှာလည်း စိုးရိမ်သောကများ ဖြစ်ကြမှာဖြစ်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုသည် မဖြစ်မနေလိုအပ်လာပါကြောင်း၊ ထို့အတွက် ယနေ့သင်တန်းကိုစီစဉ်ပေးခြင်းဖြစ်ပြီး စိတ်ဓါတ်မြှင့်တင်ခြင်းနှင့် စိတ်လူမှုဆိုင်ရာတွင် ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးသွားမှာဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် တစ်ဦးနှင့်တစ်ဦးဆက်ဆံကြရာတွင် မေတ္တာစိတ်၊ ကိုယ်ချင်းစာစိတ်၊ သည်းခံစိတ်၊ ယုံကြည်စိတ်များ လျော့နည်းမသွားဘဲ ပိုပြီးစည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုလိုစိတ်လူမှုရေးဆိုင်ရာပံ့ပိုးမှုသင်တန်းများ ဆောင်ရွက်ပေးခြင်းဖြင့် သည်းခံစိတ်၊ မေတ္တာစိတ်၊ ကိုယ်ချင်းစာစိတ်၊ ယုံကြည်စိတ် ပိုမိုများပြားပြီး ပိုမိုရိုင်းပင်း ကူညီနိုင်သည့် ညီညွတ်သော အင်အားများရရှိလာမည်ဟု မျှော်လင့်ပါကြောင်းနှင့် လူတစ်ဦးချင်းစီ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာလုံခြုံစိတ်ရလျှင် တစ်နိုင်ငံလုံး ကာကွယ်နိုင်သည့်အဆင့်ကို ရောက်ရှိသွားမည်ဖြစ်၍ COVID-19 ရောဂါ စိန်ခေါ်မှုကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် စိတ်လူမှုရေးကျွမ်ကျင်ပညာရှင် ဒေါက်တာအေးမြတ်လွင်က “မိမိကိုယ်မိမိ စိတ်ခံစားချက်အပေါ် ဆန်းစစ်ခြင်း” ဒေါက်တာသက်တင်ထွန်း က “စိတ်ဖိစီးမှုအပေါ် ကိုယ်တိုင်ဖြေလျော့ခြင်း” ဒေါက်တာမြတ်သူစံက “တစ်ဦးချင်းအားပေးခြင်းနှင့် ဝိုင်းဝန်း အားပေးခြင်း” နှင့် ဒေါက်တာမေပြုံးမြင့်က “လိုအပ်ချက်ရှိပါက စနစ်တကျလွှဲပြောင်း ပေးခြင်း” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးတင်ပြခဲ့ကြပါသည်။
အဆိုပါသင်တန်းကို (၂၇.၉.၂၀၂၀) ရက်နေ့မှ (၂၉.၉.၂၀၂၀) ရက်နေ့အထိ (၃) ရက်ဆက်တိုက် တစ်နေ့လျှင် အချိန်(၂) နာရီခန့်သာယူ၍ ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိစေတနာ့ဝန်ထမ်း (၅၀၀) ဦးခန့် သတ်မှတ်ရက်များအလိုက် တက်ရောက်သွားမည်ဖြစ်ပါသည်။
ထို့အပြင် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် စေတနာ့ ဝန်ထမ်းသင်တန်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ (၂၃.၉.၂၀၂၀) ရက်နေ့နှင့် (၂၆.၉.၂၀၂၀) ရက်နေ့များတွင် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ စေတနာ့ဝန်ထမ်းအသစ် (၇၇)ဦး တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်များအသင်းတို့မှ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများက Online စနစ်ဖြင့် သင်တန်းများပို့ချပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။