ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး (၇၅) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ အတွင်းကျင်းပသည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ (၂၅)နှစ်ပြည့် အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား
နေပြည်တော်၊ ၂.၁၀.၂၀၂၀
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက် မြို့တွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁)ရက်၊ နယူးယောက်စံတော်ချိန် နံနက်(၉)နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည့်(၇၅)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ(၂၅)နှစ်ပြည့် အထိမ်းအမှတ် အဆင့်မြင့် အစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။
အဆိုပါအဆင့်မြင့် အစည်းအဝေးသည် ၁၉၉၅ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေကျင်း မြို့၌ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ(၂၅)နှစ်ပြည့်အထိမ်း အမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျား/မတန်းတူညီမျှမှု ရရှိရေးနှင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ စွမ်းပကားမြှင့်တင်ခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
ညီလာခံဖွင့်ပွဲတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင်များက Video Message ဖြင့် အဖွင့်မိန့်ခွန်းများပြောကြားခဲ့ကြပြီး၊ နိုင်ငံအလိုက် အမျိုးသမီးရေးရာကိစ္စရပ်များတွင် တာဝန်ယူ ဆောင်ရွက် လျက်ရှိကြသော ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှာစကားများပြောကြားခဲ့ကြ ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုအချိန်တွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံများအနေဖြင့် COVID-19 ကပ်ရောဂါကို ရင်ဆိုင်တုံ့ပြန်နေကြရသဖြင့် အပြောင်းအလဲများ များစွာ ဖြစ်ပေါ်နေပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း COVID-19 ကပ်ရောဂါကို ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေ သကဲ့သို့ တစ်ဖက်တွင်လည်း ဒီမိုကရေစီစနစ်သို့ပြောင်းလဲခြင်းလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပါအဝင် ဒီမိုကရေစီပြောင်းလဲရေး လုပ်ငန်းစဉ် များတွင် အမျိုးသမီးများ တန်းတူကိုယ်စားပြုပါဝင်နိုင်ရန် ဆောင်ရွက်နေပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူများအားလုံးသဘောတူထားသည့် ပြည်ထောင်စု၏ သဘောတူညီ ချက်တွင် ကျား/မဆိုင်ရာလိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံမှု မရှိစေရေး၊ တန်းတူညီမျှမှု ရှိစေရေးတို့အတွက် မူဝါဒချမှတ်ဆောင်ရွက်ရန်၊ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများအနည်းဆုံး (၃၀)ရာခိုင်နှုန်းပါဝင်ရေးကိုအားပေးရန်၊ ကျား/မရေးရာအခြေပြု အကြမ်းဖက်မှုများကို ကာကွယ်နိုင် သည့်မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန်၊ အမျိုးသမီးများ၏စွမ်းဆောင်မှုကို မြှင့်တင်ရန် စသည့် ကျား/မဆိုင်ရာတန်းတူညီမျှမှုအတွက် ဆောင်ရွက်ရန် သဘောတူညီချက်များပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အနေဖြင့် ကျား/မတန်းတူရည်တူရှိမှုမြှင့်တင်ရေးနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများကို ကာကွယ်ရေးလုပ်ငန်းများကို ကြိုတင်ကာကွယ်ခြင်း၊ တားဆီး ခြင်း၊ တုံ့ပြန်မှုပေးခြင်း နည်းလမ်းအမျိုးမျိုးဖြင့် ဥပဒေများ၊ မူဝါဒများချမှတ်ခြင်းမှသည် လက်တွေ့ အကောင်အထည်ဖော်ခြင်းအထိ အဆင့်ဆင့်၌ အားသွန်ခွန်စိုက် ဆောင်ရွက်နေပါကြောင်း၊ အစိုးရ ဌာနများအပြင် အမျိုးသမီးအရေးကို တက်ကြွစွာဆောင်ရွက်နေကြသည့် အမျိုးသမီးအဖွဲ့ (၁၁)ဖွဲ့တို့ ဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ လမ်းညွှန်မှုဖြင့်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို အမျိုးသမီးများအား နည်းမျိုးစုံ ဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါအချက်များနှင့်အညီ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါမဟာဗျူဟာစီမံကိန်း၏ ကျန်ရှိသည့်စီမံကိန်းကာလ (၃)နှစ်အတွက်လုပ်ငန်းစီမံချက်(၂၀၂၀-၂၀၂၂)ကိုလည်း ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အမျိုးသမီးများနှင့်အမျိုးသမီးငယ်ရွယ်များအပေါ် လိင်အကြမ်းဖက်မှုအပါအဝင် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုများကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း)အား လွှတ်တော်သို့ တင်ပြထားရှိပါ ကြောင်း၊ ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက် ရေးအတွက်လုပ်ငန်းစီမံချက်(မူကြမ်း)ကို ရေးဆွဲထားရှိပြီး အတည်ပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ကပ်ရောဂါကို ရင်ဆိုင်တုံ့ပြန်ရာတွင်လည်း အမျိုးသမီး များ၊ မိန်းကလေးငယ်များနှင့်ထိခိုက်လွယ်အုပ်စုများအပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရစ်ခြင်းမရှိစေရဟူသော မူအတိုင်း ကာကွယ်တုံ့ပြန်မှုများကို ဆောင်ရွက်နေပါကြောင်း၊ ထို့အပြင် IDPစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာ သူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရန်အတွက် စီမံချက်ရေးဆွဲ၍ နိုင်ငံတော်မှ ကျပ်ငွေ(၂.၁)ဘီလီယံဖြင့်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ COVID-19 ကြောင့် သက်ရောက်မှုရှိလာမည့် လူမှုစီးပွားရေးအခြေအနေများကို ကုစားနိုင်ရန် လတ်တလောအကူအညီပေးအပ်မှုအစီအစဉ်နှင့် ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများပါဝင်သည့် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်ကိုလည်း ဆောင်ရွက်လျက်ရှိရာ အဆိုပါအစီအစဉ်တွင် ကျား/မရေးရာကို ထည့်သွင်းစဉ်းစားထားသည့် လူမှုကာကွယ်စောင့်ရှောက် ရေးအစီအစဉ်များလည်းပါဝင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျား/မတန်းတူညီမျှမှုရရှိရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို ဆက်လက်၍ ကြိုးပမ်းဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။