လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ (၂/၂၀၂၂)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

    ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပင်မလုပ်ငန်းတာဝန်များဖြစ်သည့်  လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ (၂/၂၀၂၂) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လူကိုယ်တိုင်ပါဝင်တက်ရောက်သည့်ပုံစံဖြင့်လည်းကောင်း၊ ဝန်ကြီးရုံးမှ ဌာနခွဲတာဝန်ခံ လက်ထောက်အတွင်းဝန်များ၊ ဦးစီးဌာန (ရုံးချုပ်) များမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ သင်တန်းကျောင်းများ၊ စခန်းများ၊ ဂေဟာများ၊ ဌာနငယ်များမှ တာဝန်ခံအရာရှိများက Virtual ပုံစံဖြင့်လည်းကောင်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။
     အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာ၌ ယခင်ပြုလုပ်ခဲ့တဲ့ (၁/၂၀၂၁) နဲ့ (၁/၂၀၂၂) လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွေမှာ ဆုံးဖြတ်ခဲ့တဲ့အချက်တွေနဲ့ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို မျှော်မှန်းကာလအတိုင်း သတ်မှတ်ချက်အချိန်အလိုက် ပြီးစီးမှုရှိ/ မရှိ တာဝန်ခံအရာရှိကြီးတွေက လမ်းညွှန်မှုခံယူလိုတဲ့အချက်များအပါအဝင် သုံးသပ်ဆွေးနွေးပေးကြဖို့ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းများနှင့်ကလေးပြုစုရေးဌာနတို့ကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတွေသွားရောက်စစ်ဆေးထားရှိတဲ့အစီရင်ခံစာပါအကြံပြုချက်များအတိုင်း အကောင်အထည်ဖော်သွားဖို့ဖြစ်ပါကြောင်း၊ Gender Base Violence များအပါအဝင် Case Management ဆောင်ရွက်ရမယ့်ကိစ္စရပ်များကို Social Media ကိုအသုံးပြုပြီး Viber, Messenger တို့နဲ့တိုင်ကြားနိုင်ရေးနည်းလမ်းများ တိုးချဲ့ထားပြီးဖြစ်တဲ့အတွက် စိစစ်အရေးယူကူညီဆောင်ရွက်ပေးနိုင်မယ့် လုပ်ငန်းလမ်းညွှန်များရေးဆွဲတင်ပြရန်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းတွေမှာ လာမယ့်စာသင်နှစ်အစမှာ ဆောင်ရွက်လိုတဲ့ အသိပညာပေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး သင်ခန်းစာအကျဉ်းပြုစုဖို့နဲ့ TOT ပေးနိုင်ဖို့အတွက် ဦးစီးဌာနများပေါင်းစပ် ဆောင်ရွက်သွားကြဖို့ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်ကြရန်နှင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များမှာ သတ်မှတ်ထားတဲ့ကာလအတွင်း ကာကွယ်ဆေးများ သွားရောက်ထိုးနှံကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လုပ်ငန်းများ ဆက်လက်တိုးတက်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဖြည့်ဆည်းပေးရမည့် အချက်များနှင့် ဝန်ထမ်းများဘက်မှတက်ကြွဂုဏ်ယူစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ဆွေးနွေးမှာကြားခဲ့ပြီး အမြဲတမ်းအတွင်းဝန်က ယခင်ပြုလုပ်ခဲ့သည့် (၁/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များ တစ်ချက်ချင်းအပေါ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပါသည်။
    ဆက်လက်၍ ဝန်ကြီးရုံးဌာနခွဲများမှ လက်ထောက်အတွင်းဝန်များ၊ ဦးစီးဌာန(ရုံးချုပ်) များမှ တာဝန်ခံညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းကျောင်းများ၊ စခန်းများ၊ ဂေဟာများ၊ ဌာနငယ်များမှ တာဝန်ခံအရာရှိများက လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ လမ်းညွှန်မှုခံယူလိုသည့်အချက်များနှင့် ညှိနှိုင်းဖြည့်ဆည်းပေးစေလိုသည့်အချက်များအား ဆွေးနွေးတင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့က လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ ညနေပိုင်းတွင်အစည်းအဝေးကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter